ပါရီ သို့မဟုတ် အလင်းမြို့တော် - ၃

ပါရီ သို့မဟုတ် အလင်းမြို့တော် - ၃
ကျွန်တော်တို့ခရီးစဉ်ကိုစီစဉ်ရသည့် မစ္စတာဂျူလက်မှာပညာရှင်ဆန်သောရုပ်ရည်ရှိပြီး စီးကရက် လည်းအတော်သောက်သူဖြစ်ပါသည်။တစ်နေရာကထွက်တိုင်းအနည်းဆုံး ၂ လိပ်ခန့်သောက်တတ်ပါသည်။ အင်္ဂလိပ်စကားအနည်းငယ်သာပြောတတ်သော်လည်း သူသိထားသမျှကိုရှင်းပြလိုစိတ်ပြင်းပြသူ ဖြစ်သည်။
အီဖယ်မျှော်စင်အနီးရှိ Beateaux Mouches ဟုခေါ်သော မြစ်တွင်းသင်္ဘောစီးရမည့် နေရာကို ကျွန် တော်တို့ရောက်ရှိတော့ သင်္ဘောကြီးကထွက်တော့မည်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုရင် စန်းမြစ်အတွင်း နေ့လယ်စာ သို့မဟုတ် ညနေစာစားဖို့ သင်္ဘောပေါ်သို့ ဂျင်းဘောင်းဘီ၊ဝါ့ကင်းရှူးတွေဖြင့်တက် ရောက်ခွင့်မရှိပါ။ သို့ရာတွင် ဂျော့နှင့် ဂျူလတ်တို့က ဘယ်လိုပြောလိုက်သည်မသိ၊ဂျင်းဘောင်းဘီနှင့်ဝါ့ကင်းရှုးဝတ်ထားသော ကျွန်တော်နှင့်ကိုပီတာလည်းတက်ရောက်ခွင့်ရခဲ့ပါသည်။သင်္ဘောဦးရှိကြိုတင်မှာထားသော စားပွဲကြီးတွင်ထိုင်ပြီးမကြာမီပင်သင်္ဘောကစန်းမြစ်အတွင်းစတင်ထွက်ခွာခဲ့ပြီးဖြစ်သည်။မြစ်အတွင်း Beateaux Parisiens ကုမ္ပဏီပိုင်သင်္ဘောငါးစင်းရှိပြီး ကျွန်တော်တို့စီးလာသည့် ONYX အမည်ရှိသင်္ဘောသည် အကြီးဆုံးဖြစ်သည်။ အကျယ် ၂၅ ခန့်ရှိပြီး အရှည်မှာမူ ပေ၁ဝဝ ကျော်ရှိမည် ထင်ပါသည်။

' ကြိုက်တာမှာစားပါ။ ဌာနကဧည့်ခံတာဖြစ်ပါတယ်။ ကောင်းတဲ့ဟင်းတွေကိုတော့ အကြံပေးပါရစေ 'ဟု ဂျူလက်ကပြောသဖြင့် သူပြောသည့်ဟင်းများကိုပင် ရွေးလိုက်ကြသည်။ ပြင်သစ်ရှိ စားသောက်ဆိုင်များတွင် နေ့လယ်စာ(သို့) ညစာစားသည့်အခါ မပါမဖြစ်သောက်စရာအမျိုးမှာ ဝိုင်ဖြစ်ပါသည်။ ပြင်သစ်လူမျိုးများသည် ဝိုင်အလွန်ကြိုက်သူများဖြစ်ပြီး ကောင်းလည်းကောင်းသည့် ဝိုင်များဖြစ်ပါသည်။သင်္ဘောကြီးသည် တတိယ မြောက်အလက်ဇန်းဒြားတံတား၊နော်တာဒိမ်းဘုရားရှိခိုးကျောင်းတို့ကိုကျော်ဖြတ်ပြီး ပြင်သစ်အမျိုးသား စာကြည့်တိုက် လေဘာတီရုပ်တု အလွန်တွင် ပြန်ကွေ့ကာခရီးစဉ်အဆုံးသတ်ပါသည်။အချိန် ၂ နာရီခန့်ရှိမည့် ခရီးစဉ်အတွင်း မြစ်ဘေးမှသမိုင်းဝင်အဆောက်အအုံများအကြောင်း အသံချဲ့စက်မှတစ်ဆင့်ရှင်းပြကြသည်။ စန်းးမြစ်ကို ဖြတ်တောက်ထားသော တံတားပေါင်း ၃ဝ ခန့်ရှိပြီး တတိယမြောက်အလက်ဇန်ဒြားတံတားမှာ အလှပဆုံးဖြစ်သည်ဟု ဂျူလက်ကဆိုသည်။
ပြင်သစ်အမျိုးသားစာကြည့်တိုက်၏ ဗိသုကာလက်ရာမှာစာအုပ်စင်ပုံစံတွေအတိုင်းတည်ဆောက် ထားခြင်းဖြစ်သဖြင့် မျက်စိထဲတွင် တစ်မျိုးထူးခြားနေသည်။စာကြည့်တိုက်အောက်ရှိ စန်းမြစ်အတွင်းမှာတော့ ရပ်နားထားသော မော်တော်ကြီးများကိုတွေ့ရသည်။
' ပါရီက အိမ်ခြံမြေဈေးသိပ်ကြီးတော့ ဘယ်နိုင်ငံကသူတွေက ဒီမော်တော်တွေပေါ်မှာပဲ အိမ်လုပ်နေ ကြရတ် 'ဟု ဂျော့ကပြောပြသည်။
သင်္ဘောခရီးစဉ်ပြီးဆုံးပြီးနောက် ကျွန်တော်တို့တတွေနောက်တစ်နေရာဖြစ်သည့်CFIကိုသွားကြ သည်။ CFI ဆိုသည်မှာ Canal France Internationale ဖြစ်ပြီး မည်သည့်နိုင်ငံကမီဒီယာများကိုမဆို မီဒီယာအစီ အစဉ်နှင့်ပတ်သက်၍ သင်တန်းအကူအညီတောင်းခံလာပါက နည်းပညာအကူအညီပေးနေသောအဖွဲ့ဖြစ်သည်။ ဥရောပနှင့်နိုင်ငံခြားတရားရေးဝန်ကြီးဌာနကထောက်ပံ့ပေးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ထုတ်လွှင့် နေသော SkyNet ရုပ်သံလိုင်းကိုလည်း နည်းပညာအကူအညီပေးနေသောအဖွဲ့ဖြစ်သည်ဟုသိရသည်။ညနေ ၄ နာရီခွဲ CFI ရုံးခန်းအဆောက်အအုံမှထွက်တော့ အပြင်ဘက်မှာလူတွေအများကြီးတွေ့ရသဖြင့် ရုပ်ရှင်ရုံလက်မှတ်တန်းစီနေသည်ဟုထင်မိသဖြင့် ဂျော့ကိုမေးကြည့်မိသည်။
' မဟုတ်ပါဘူး၊ အဲဒီအချိန်က ရုံး breaktime လေ၊ ဒါကြောင့် လူတွေ ဆေးလိပ်ထွက် သောက် နေကြတာပေါ့ '
ပြင်သစ်တို့သည် တရုတ်နှင့်ဂျပန်ပြီးလျှင် ဆေးလိပ်အသောက်ဆုံးလူမျိုးဖြစ်သည်ဟုပြောရမည် လားမသိ။ အခြားမကြည့်ပါနှင့်။ဂျူလက်နှင့်ဂျော့သည်ပင် အတော်သောက်သူများဖြစ်သည်။
အထင်ကရ ရုပ်သံလိုင်းဖြစ်သည့် TV5 MONDEကို ရောက်သေးသော်လည်း ကျွန်တော်တို့ကြာကြာ မနေကြပါ။နောက်တစ်နေရာဝင်စရာရှိသေးသည်။လေယာဉ်ပေါ်တွင် တစ်ညအိပ်ရေးပျက်ခဲ့ရသဖြင့် ကျွန်တော်တို့တစ်တွေ မျက်လုံးတွေငိုက်စင်းနေကြပြီး 20 Minutes ဂျာနယ်တိုက်ရောက်တော့ ညနေ ၆ နာရီ ထိုးနေပြီဖြစ်သည်။20 Minutes သတင်းစာက နေ့စဉ်ထုတ်သတင်းစာဖြစ်ပြီး စာမျက်နှာ ၃၂ မျက်နှာ ခန့်ရှိသည့် ဆိုက်သေးသတင်းစာလေးဖြစ်သည်။တစ်ခုရှိသည်က မည်သည့်သတင်းစာအရောင်းဆိုင်မှာမဆို အခမဲ့တောင်းယူ၍ရသည့် သတင်းစာဖြစ်သည်။ကြော်ငြာကရသည့် ဝင်ငွေဖြင့်အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး အလုပ်၊ ကျောင်းသို့သွားချိန် မိနစ် ၂ဝ ခန့်အတွင်း အပြီးဖတ်နိုင်သည့်သတင်းစာဖြစ်သည်။မိနစ် ၂ဝ အတွင်း ဖတ်ရမှာမို့ တန်သည်။ သတင်းတွေက လိုရင်းဖော်ပြပေးသည့် သတင်းတိုတွေဖြစ်သည်။ သူကလည်း တစ်နေ့စောင်ရေ လေးသိန်းရှိသည့် သတင်းစာဖြစ်သည်။
ဟိုတယ်ပြန်ရောက်တော့ ညစာကို ဘယ်သူမှအပြင်ထွက်မစားနိုင်ကြတော့၊ ကျွန်တော်တို့အလွန်ပင် ပန်းနေပြီဖြစ်သဖြင့် ဟိုတယ်ဘေးကထမင်းဆိုင်မှ အစားအသောက်ဝယ်ပြီး ကိုယ့်အခန်းထဲသို့ဝင်ခဲ့ကြ လေသည်။
မနေ့က စောစောအိပ်လိုက်ရသဖြင့် လူကလန်းလန်းဆန်းဆန်း ဖြစ်နေသည်။ နံနက်စာဟိုတယ် တွင် စားပြီးသော်လည်း ဂျော့ရောက်လာသေးစဖြင့် အခန်းထဲ ခဏပြန်ဝင်ပြီး အင်တာနက်သုံးရင်း ကွန်ပျူတာဖွင့်လိုက်သည်။ တစ်ခုက ပြင်သစ်နိုင်ငံရှိ ကျွန်တော်နှင့် သိကျွမ်းသော ပြင်သစ်ဂျာနယ်လစ်များထံမှ ပြန်စာရောက်မရောက် စစ်လိုခြင်းဖြစ်ပြီး နောက်အချက်မှာ ပြင်သစ်နိုင်ငံတွင် နေထိုင်သော မြန်မာများနှင့် ဆက်သွယ်ရန်ဖြစ်သည်။ ရန်ကုန်မှာရှိက တည်းက ကျွန်တော်ပြင်သစ်နိုင်ငံသို့ အလည် လာရောက် မည်ဖြစ်ကြောင်း မိတ်ဆွေများကို ကြိုတင်အကြောင်းကြားထားခြင်းဖြစ်ပြီး တွေ့နိုင်ခြင်းရှိ မရှိ လှမ်းမေး ထားခြင်းဖြစ်သည်။ ထို့ပြင် ကိုမျိုးမင်းထိုက် (အယ်ဒီတာချုပ်၊Venus ဂျာနယ်)က ကျွန်တော် ပြင်သစ်ရောက်လျှင် ဆက်သွယ်နိုင်ရန် မြန်မာများ၏ အီးမေးလ်လိပ်စာကိုပေးလိုက်သဖြင့် သူတို့ဆီ ဆက်သွယ်ရန်ဖြစ်သည်။ ပြင်သစ်ရှိ မိတ်ဆွေအချို့ထံမှ သူတို့ထံ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို အီးမေးလ် ဖြင့် ပို့ထားသည်ကိုတွေ့ရပြီး မြန်မာလူမျိုးများထံ အီးမေးလ်ပို့လိုက်သည်။ ပို့ပြီး ကွန်ပျူတာပိတ် နေဆဲ အခန်းထဲက ဖုန်းကလာကိုပီတာက သော့ရောက်လာပြီဖြစ်ကြောင်း အသိပေးလာသည်။
ကျွန်တော်တို့ ဒီမနက်သွားရမည့် နေရာက မီဒီယာမဟုတ်ပါ။GUIMET ပြတိုက်သို့ဖြစ်သည်။ ပြင်သစ်တွင် ပြတိုက်အတော်များများရှိပြီး ယနေ့သွားသည့် ပြတိုက်များမှာ အင်္ဂါနေ့တိုင်းပိတ်သဖြင့် လာရောက် ကြည့်ရှုသူများ မရှိပါ။ ကျွန်တော်တို့တွေကိုသာ ကြည့်ခွင့်ပေးထားခြင်းဖြစ်သည်။
ဂီးမေးပြတိုက်သည် အာရှတိုက်အပြင်ရှိ နိုင်ငံ များထဲတွင် အာရှလက်ရာအများအပြားရှိသော ပြတိုက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်နေသည်။ ပြတိုက်တည်ဆောက် သူမှာ စက်မှုလုပ်ငန်း ရှင်တစ်ဦး ဖြစ်သည့် Emile Etienne Guimet ဆိုသူဖြစ်သည်။ အစက ပြတိုက်ကို လီယွန်(Lyon) တွင် ၁၈၇၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် အစိုးရထံလွဲပြောင်းပေးလိုက်တော့ ပါရီကိုရွှေ့ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့က အနုပညာလက်ရာနှင့် ရှေးဟောင်းပစ္စည်းများအများအပြားတွေ့ ရပြီး မြန်မာနိုင်ငံ၏ ပရပိုက်အချို့နှင့် ရှေးဟောင်းတံပိုးတစ်မျိုးသာ တွေ့ခဲ့ရပါသည်။ ပုံပေါ်ရှိ အက္ခရာများကို ကြိုးစားဖတ်သော်လည်း 'နမော'ဆိုသည့်စကားလုံးကိုသာ ကျွန်တော်တို့ဖတ်နိုင်ပါသည်။
(ဆက်ရန်)
(ပုံ ၁ ။စန်းမြစ်အတွင်းမှတွေ့ရသော ပြင်သစ်အမျိုးသားစာကြည့်တိုက်)
(ပုံ ၂ ၊ 20 Minutes ဂျာနယ်)

No comments:

Post a Comment