ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၁၁
နော်တာဒိမ်းဘုရားကျောင်းနောက်ဘက်မြက်ခင်းပြင်တစ်နေရာတွင်
ကျွန်တော်တို့ထိုင်ပြီး ဝိုင်းဖွဲ့စကားပြောကြသည်။ ပြောတာတွေကတော့ အစုံအလင်။
အထူးသဖြင့် သူတို့က မြန်မာ ပြည်ပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးကြပြီး
ကျွန်တော်ကမူ ပြင်ပရှိမြန်မာတို့ အကြောင်း မေးမိသည်။ ကမ္ဘာပေါ်တွင်
မြန်မာလူမျိုးများ၏စည်းလုံးမှုအကြောင်းကို သိရှိကြပြီးဖြစ် လိမ့်မည်
ဟုယူဆသဖြင့် ကျွန်တော်ရေးမပြလိုတော့ပါ။ အဘက်ဘက်က သူ့အကြောင်း နှင့်သူမှန်
နေပါလိမ့်မည်။ ကျွန်တော့် အနေဖြင့် ဘယ်သူမှန်ဘယ်သူမှား ဟူ၍ပြောပိုင်ခွင့်
ရှိသူလည်း မဟုတ်ပါ။
'ဒါပေမယ့် ဘယ်သူတွေဘယ်လိုကွဲကွဲ၊ ဘယ်သူ့ကိုမဆို
ကူညီနေတဲ့သူတစ် ယောက် တော့ရှိ တယ်။ သူကလည်းခင်ဗျားကိုတွေ့ချင်နေတယ်'ဟု
ကိုမစ်ကီ ကပြောသည်။
'ဘယ်သူများတုန်းဗျ'
'ကျွန်တော်တို့ကတော့
သူ့ကိုမြို့စားကြီးလို့ခေါ်တယ်ဗျ။ ပါရီကို ၁၉၇ဝ ပြည့်လွန် လောက်
ကတည်းကရောက်လာတာ။ ခင်ဗျား Beyond Rangoon ကို ကြည်ဖူးတယ် မဟုတ်လား။
အဲဒီထဲကမင်းသားကြီးပေါ့'
Beyond Rangoon ၁၉၈၈ အရေးအခင်းအပြီး
တပ်ကအာဏာသိမ်းခါစ ရန်ကုန်မြို့တွင်း ပိတ်မိနေသောနိုင်ငံခြားသူတစ်ဦးအား
အာဏာပိုင်များပိတ်ဆို့ထားသည့် လမ်းများကြားကလွတ်အောင် မြန်မာလူမျိုးတစ်ဦးက
နယ်စပ်ကတစ်ဆင့်ထိုင်းနိုင်ငံသို့ပို့ပေးသည့်ဇာတ်လမ်းဖြစ်သည်။
ထိုရုပ်ရှင်ထွက်လာတော့ အခွေကိုပေါ်ပေါ်ထင်ထင်မကြည့်ရဲ။ လက်ထဲအခွေတွေ့လျှင်
ပြဿနာအကြီးအကျယ်တက်ပြီး ထောင်နန်းစံရမည့်ကာလဖြစ်သည်။ ကျွန်တော်နှင့်
အဖေအိမ်မှာ အတူတူ ကြည့်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က သူငယ်ချင်းတစ်ဦး၏
အကူအညီဖြင့် အခွေကူးထား သော်လည်း မှိုတက်နေ၍ ကြည့်မရတော့ပေ။ သို့ရာတွင် ယခု
ဒီဂျစ်တယ်ခေတ် အစိုးရပြောင်း ပြီးချိန်တွင်တော့ လမ်းဘေးခွေဆိုင်များတွင်
ပေါ်ပေါ်တင်တင်ဝယ်ယူနိုင်ပြီဖြစ်သည်။
သူတို့နှင့်စကားကောင်းနေရာက
နာရီကြည့်လိုက်တော့ ညခုနစ်နာရီထိုးခါနီးပြီ။ ဟိုတယ်မှ မနက်ဖြန် Check Out
လုပ်ရတော့မည်ဆိုတော့ စောစောစီးစီး ပစ္စည်းတွေ ပြန်သိမ်းရဦးမည်။ မနက်ဖြန်
ကိုထွေးအခန်းကိုသွားအိပ်မည်။ ဟိုတယ်သို့အပြန် ရထားပေါ်မှာဖုန်းလာသည်။
ဆက်သည့်သူက ဆိုဖီနာမည်အပြည့်အစုံကSophieMalibeaux သူက ဟိုတယ်လာခေါ်မည်။
သူ့အိမ်မှာထမင်းလိုက် စားပါဟုဆိုသည်။ ဆိုဖီက RadioFrance International က
အာရှ-ပစိဖိတ် ဗျူရိုအကြီးအကဲ။ မြန်မာပြည်ကို ၂ဝဝ၈ လောက်ကထင်သည်ရောက်ဖူးသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်း ကအထွက်
ထောက်လှမ်းရေးကဓာတ်ပုံရိုက်ပြီး သတင်းစာထဲတွင်ပင်ပါလာကာ နာမည်ပျက်စာရင်း
အသွင်းခံခဲ့ရသည်။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ထောင်ကလွတ်လာတော့
သူ့အတ္ထုပ္ပတ္တိရေးရန် မြန်မာသံရုံးတွင် ဗီဇာလျှောက်သည်မရ။ နောက်ဆုံး
သူ့ယောက်ျား မာနူး (Manu) ကိုလွှတ်ကာ သူ့ကိုယ်စားအင်တာဗျူးလုပ်စဉ်
အကူအညီပေးရန် ကျွန်တော့်ကို အကူအညီ တောင်းသည်။ ဆရာကြီးဦးဝင်းတင်နှင့်
အင်တာဗျူး လုပ်ဖို့နေရာကို ကျွန်တော်စီစဉ်ပေးရသည်။ ထိုအချိန်က
ဆရာဦးဝင်းတင်ကို ထောက်လှမ်းရေးက နောက်ကတစ်ကောက် ကောက်လိုက်
မှတ်တမ်းတင်နေသဖြင့် အင်တာဗျူး လုပ်ဖို့နေရာရှာရသည်မှာမလွယ်။
ကျွန်တော်နှင့် မာနူးထောက် လှမ်းရေးကို အတော်မျက်ခြည်ဖြတ် ခဲ့ရသည်။
နောက်ကပြင်သစ်ဘာသာဖြင့် Une Vie de Dissident (သဘောကွဲလွဲသူ တစ်ဦးဘဝ)
အမည်ဖြင့် စာအုပ်ထွက်ခဲ့သည်။
ဟိုတယ်လော်ဘီမှာ ကျွန်တော်ထိုင်နေစဉ် ဆိုဖီရောက်လာသည်။
'ကဲ၊ မင်းကို တို့ကားအကောင်းစားနဲ့ အိမ်ခေါ်သွားမယ်။ မာနူးကသေသေချာ ချာချက်ပြုတ် ထားတယ်'
ဟုတ်ပါသည်။ ကားကကျွန်တော်ပင်လျှင် မြန်မာပြည်တွင်မမြင်ဖူးပေ။ အထဲက
ဂီယာတွေ၊ ဟွန်းတွေက ဟိုးခေတ်ကကားပုံစံ (Deux Cheveux) မြင်းနှစ်ကောင်
တံဆိပ်ပြင်သစ် ကားဖြစ်သည်။
'တို့အိမ်က ပါရီနဲ့နည်းနည်းဝေးတယ်ကွ။
မင်းတို့ဆီက ရွှေတောင်ကြား လိုဆိတ်ငြိမ်ရပ် ကွက်ပေါ့ကွာ။ ကားကတော့
ပျက်မှာတွေဘာတွေမပူပါနဲ့။ တို့လင်မယား ပြင်သစ်ကနေ ပါကစ္စတန်ကို
ဒီကားနဲ့သွားခဲ့ကြတာပေါ့။ ဘာမှမဖြစ်ဘူး'
အိမ်ရောက်တော့ မာနူးက
ရှန်ပိန်ပုလင်းကြီးကို ရေခဲထည့်ထားသည့် ဘူးကြီးတွင်တစ်ပိုင်း စိမ်ထား
ပြီးဝိုင်ထည့်ထားသည့်ဖန်ခွက်ကိုကမ်းပေးသည်။
'အိုကေ Pour La Sante
(ကျန်းမာရေးအတွက်) ဟု ဆုတောင်းကြပြီး စကားပြောကြသည်။
ဒီ့ပြင်စကားတွေမပြောရပါ။ နက်ဖြန် အမေရိကန် သမ္မတအိုဘားမား
မြန်မာနိုင်ငံကိုသွား ရောက် မည်ဖြစ်သဖြင့် ဆိုဖီကသတင်းထောက်ပီသစွာ
မြန်မာ့အရေးဆွေးနွေးသည်။ အစိုးရသစ်ကို ဘယ်လိုမြင်သလဲ။
ဒေါ်အောင်ဆန်းစုကြည်ကရော၊ သတင်းစာလွတ်လပ်ခွင့် ပိုမိုပွင့်လင်းလာသလား ...
စသဖြင့် တရစပ်မေးပါတော့သည်။
'ဆိုဖီရယ် ... မင်းမလည်း
သူ့ခမျာအေးအေးဆေးဆေးနေပါစေ' ဟု မာနူးဝင်ပြောမှ သူ့မေးခွန်းတွေရပ်သွားသည်။
ပြီးတော့မှ ဆိုဖီက မင်းမြန်မာပြည်မပြန်ဘဲ ဒုက္ခသည်အဖြစ်နေချင်ရင်
မင်းကိုငါကူညီမယ်ဟုဆိုလာသည်။ ဆိုဖီသည်အရေးပါသော ပြင်သစ်မီဒီယာကြီး၏ အကြီးအ
ကဲဖြစ်သဖြင့် သူကူညီလျှင် ဖြစ်နိုင်မည်ကို ကျွန်တော် သိပါသည်။ မြန်မာပြည်က
နှစ်ယောက်လောက် ပြင်သစ်တွင် ဒုက္ခသည်အဖြစ်
နေထိုင်ခွင့်ရအောင်ကူညီခဲ့သည်ကိုလည်းသိသည်။ သို့သော်လည်း မြန်မာပြည်ကို
ကျွန်တော် မစွန့်ခွာချင်သေးပါ။ အခြားသူများက အကြောင်းကြောင်း တွေရှိမည်
ဖြစ်သော်လည်း ကျွန်တော်ကမူ စွန့်ခွာစရာအကြောင်းလုံးဝမရှိသေးပါ။
သူ့အကူအညီကို ယဉ်ကျေး စွာပင် ငြင်းပယ်လိုက်ရပါသည်။ ခဏနေတော့
ထမင်းစားရအောင်ဟု မာနူးကဆိုသဖြင့် ထမင်းဝိုင်း ကိုသွားကြသည်။
ဟင်းတွေကတော့ပြင်သစ်အကြိုက် ဘာဂါတ်ပေါင်မုန့်၊ အမဲသားပြုတ်ကြော်၊
စွပ်ပြုတ်ဟင်းချိုတစ်မျိုးနှင့် ဘဲဥပြုတ်မရိုးနိစ်စင်းတို့ ဖြစ်ပါသည်။
ဘဲဥပြုတ်နှင့် မရိုးနိစ်မှာ အီလွန်းလှသဖြင့် အမဲသားပြုတ်ကြော်ကိုစားလိုက်၊
ရှန်ပိန်နှင့်မျှောချလိုက်လုပ်နေရသည်။ အပြန်တွင် ကားမောင်းလိုက်ပို့ပေးသည့်
မာနူးက တစ်နေရာဝင်ချင်သော်လည်း ပစ္စည်းသိမ်းရန် ရှိသေးသဖြင့်
တောင်းပန်လိုက်ရပါသည်။
တန်ဖိုးနည်းအိမ်ရာတစ်ခုဖြစ်သည့်
ကိုထွေးအခန်းကိုရောက်တော့ ဆောက်လုပ်ထားပုံက အပြင်ကမြင်ရတာထက်ပင်
ပိုမိုစနစ်တကျရှိလှသည်။ အပြင်မှာ ရာသီဥတု အေးနေသော်လည်း
အခန်းထဲတွင်နွေးနေသဖြင့် အပူပေးစက်များတပ်ထားသလားမေးကြည့်မိသေးသည်။
'သူတို့က စဆောက်ကတည်းက ကြမ်းခင်းတို့ နံရံတို့မှာ ရေပိုက်တွေထည့်ထားတယ်။
အဲဒီပိုက်က ရေပူတွေလွှတ်နေတာလေ။ အဲတော့ တစ်ခန်းလုံးနွေးနေတာပေါ့။
အိမ်ရဲ့လက်ဆေးကန်တို့ ရေချိုးခန်းတို့ရောက်မှ ရေဖွင့်ရင်
အပူအအေးလိုသလောက်ညှိယူ။ အဲဒါကြောင့်နွေးနေတာပေါ့လေ။ ကျွန်တော်ဒီအခန်းကို ၁ဝ
နှစ်အရစ်ကျနဲ့ဝယ်ထားတာ'
အခန်းထဲကရေပိုက်၊ သန့်စင်ခန်းပိုက်ပျက်လည်း
ကိုယ့်ဘာသာကိုယ်ပြင်ချင်တိုင်းပြင်၍မရပါ။ သက်ဆိုင်ရာဖုန်းနံပါတ်ကိုဆက်။
အဲဒီကလက်မှတ် ရပိုက်ပြင်ဆရာ (plumber) ကို လွှတ်ပေးသည်။ ကိုယ့်ဘာသာပြင်လို့
သက်ဆိုင်ရာကသိသွားလျှင်ဒဏ်ကြေးပေးရသည်။
(ဆက်ရန်)
(ပုံ) မင်းသားကြီးဦးအောင်ကိုနှင့်ကျွန်တော်
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၁ဝ
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၁ဝ
ကိုမစ်ကီ၏အိမ်မှာ ပါရီမြို့တော်ဘက်ဆင်ခြေဖုံးရပ်ကွက်တွင်ရှိသဖြင့် ကျွန်တော်တို့ ရောက် နေသည့်နေရာနှင့် အတော်လှမ်းသော်လည်း ရထားစီးသွားသဖြင့် နာရီဝက်ခန့် သာကြာသည်။ ဘူတာကဆင်းပြီး သူ့အိမ်သို့သွားရာလမ်းမှာ တိုက်ခန်းကွန်ဒိုကြီးတွေမြင်သဖြင့်မေးကြည့်ရာ တန်ဖိုး နည်းအိမ်ရာတွေဟုသိရသည်။ ရန်ကုန်ကကွန်ဒိုဟု ခေါ်ဆိုနေကြသည့် အိမ်တွေ ထက်အများ ကြီးသာပါသည်။ ပြင်သစ်အစိုးရက ငွေကြေးမတတ်နိုင်သော သူများ အတွက်ဆောက်ပေးထားရာ ဒုက္ခသည်နိုင်ငံသားများလည်း လျှောက်ထားဝယ်ယူနိုင်သည်။ ကလေး ရှိလျှင်ဦးစားပေးအဆင့်ဖြစ်၍ အမြန်ရတတ်သည်။ အဆောက်အအုံတွင်နေသူများက အများအားဖြင့် လူမည်းများသာဖြစ်သည်။ အိမ်ရာ အပြင် ကလေးများကစားရန် ကစားကွင်းနှင့်လူကြီးများအတွက် တင်းနစ် ကွင်းနှင့်ဘတ်စ်ကက်ကွင်းကိုပါဆောက်ထားပေးသည်။ ဘတ်စ်ကက်ကစားကွင်းကို ဖြတ်လျှောက် ပြီးနောက် ကိုမစ်ကီအိမ်ခန်းသို့ ရောက်ရှိလာတော့သည်။ အိမ်ခန်းက ၁ဝ ပတ်လည်ခန့်သာရှိပြီး အိပ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း စသည်ဖြင့်သတ်သတ်မှတ်မှတ်မထားရှိပါ။
'ခင်ဗျားသာအိပ်နိုင်မည်ဆိုလျှင် အချိန်မရွေးပဲ၊ အိပ်ခန်းကတော့တွေ့တဲ့အတိုင်းပဲ' ဟု ကိုမစ်ကီက ဘီယာဘူးတွေရေခဲသေတ္တာထဲက ထုတ်ရင်းပြောသည်။ အခန်းထဲတွင် ခေတ်မီလှပ သောအဝတ်ဗီရိုကြီးကိုတွေ့ရာ ယခင်အိမ်ရှင်တွေ မသယ်ချင်၍ အလကားပေးသွားကြောင်းသိရသည်။ မြန်မာပြည်မှာဆိုလျှင် ခုနစ်သိန်းခန့်ရှိမည်ထင်ပါသည်။ ခဏကြာတော့ ကိုစန်းမြင့်နှင့် ကိုဥာဏ်ဝင်းအမျိုးသမီး မဘေဘီပါရောက်လာသည်။ မဘေဘီက အကြော်အလှော်တွေကိုပါ ချိုင့်နှင့်ထည့်လာသည်။ မြန်မာနိုင်ငံရှိအိမ်များတွင် တွေ့ရတတ်သော ခရုများကိုပါကြော်လာသဖြင့် ကျွန်တော် ကမစားရဲဘဲ တုံ့နှေးနှေးရှိနေရာ မဘေဘီက'ဒီကပြင်သစ်တွေက ဒီခရုကို သိပ်ကြိုက်ကြတာ။ သူ့ချည်းသီးသန့်ရောင်းတဲ့ဆိုင်တွေတောင်ရှိတယ်။ နောက်ပြီး မြန်မာပြည်အလွမ်းပြေပေါ့။ ကန်စွန်းရွက် လေးတောင် ကြော်လာသေးတယ်'
'ကန်စွန်းရွက်များ အစ်မရယ် တကူးတကကြော်လာနေသေးတယ်' 'အမယ်လေး၊ ဖိုးလက ဘယ်လိုထင်လို့လဲ၊ ဒီမှာ ကန်စွန်းရွက်တို့ ချဉ်ပေါင်ရွက်တို့က အရမ်းရှားတာ၊ ကြက်သားတစ်ကီလိုကို ၃ ယူရိုပဲပေးရတာ၊ ကန်စွန်းရွက်က ၁ ကီလိုဂရမ်ကို ၁၂ ယူရို မောင်လေးရေ၊ အရမ်းဈေးကြီးတယ်'
အမယ်လေး ဈေးကလေးဆတောင်ကွာနေပါ့လား။ မြန်မာပြည်မှာ လူဖြစ်ရတာ အဲဒါတွေတော့ ကံကောင်းပါသည်။ အသီးအရွက်လတ်လတ်ဆတ်ဆတ်နှင့်ပေါပေါ စားရသည်။ ပြင်သစ်၊ အမေရိကားတို့တွင် အများအားဖြင့် inorganic တွေဖြစ်သည်။ မြန်မာပြည်မှာတော့ အော်ဂဲ နစ်စစ်စစ်တွေရှိနေသေးသည်။ ပါရီတွင် ခရမ်းချဉ်သီး တွေအလုံးလည်းလှ၊ ကြီးလည်းကြီး၊ ဈေးလည်းချိုပါသည်။ ဒါပေမယ့် စားရတာအရသာမရှိ။ ကြက်သွန်နီလည်း ထိုနည်းလည်းကောင်း၊ မြန်မာပြည်က ကြက်သွန်လို အော်ဂဲနစ်ဆိုလျှင် ၄ လုံးကို ၁ ယူရိုလောက်ပေးရသည်။ မြန်မာ ပြည်ကစိုက်ပျိုးထုတ်လုပ်သူတွေကို ဓာတ်မြေသြဇာတို့ ပိုးသတ်ဆေးတို့မသုံးဖို့ အစိုးရနှင့်မီဒီယာက တိုက်တွန်းသတိပေးနိုင်ကကောင်းမည်ထင်သည်။ သူတို့နိုင်ငံမှာတောင် organicfarming တွေပြန်လုပ် နေ ကြပြီ။ အော်ဂဲနစ်အသီးတွေက အလုံးကြီး၊ အမြင်လှသော်လည်း အရသာမရှိ သည့်အပြင် ဘေးထွက်ဆိုးကျိုးအဖြစ် ကင်ဆာရောဂါတွေဘာတွေတောင်ရနိုင်သေးသည်။ မြန်မာနိုင် ငံတွင် သီးနှံတွေကို ရေသေချာမဆေးဘဲစားမိသဖြင့် မူးပြီးတော့ အန်သည့်သတင်းတွေ မီဒီယာတွေမှာ တွေ့မြင်ခဲ့ရသည်။ ထိုသတင်းများဖတ်ပြီးမိတ်ဆွေတစ်ယောက်က
'ကိုယ်ကတော့ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေဝယ်ရင် သူများတွေလို တုတ်ခိုင်နေတာတွေ၊ ဝင်းဝါစိုပြည်နေတာတွေမဝယ်ဘူး။ ပိုးကိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ရွေးဝယ်တယ်။ အဲဒါတွေက ပိုးသတ်ဆေးမထိထားတာသေချာတယ်' ဟုပြောဖူးသည်။
'ဒီနေ့ညနေတော့ ခင်ဗျားကို နော်တာဒိမ်းဘုရားကျောင်းဘက်လိုက်ပို့မယ်လေ။ အဲဒီမှာထိုင် စားသောက်ကြတာပေါ့'ဟု ကိုဥာဏ်ဝင်းက အဆိုတင်လာသည်။
ပါရီ၏ရာသီဥတုကလည်း အမြဲတမ်း အားကစားအကြိုက်ပင်ဖြစ်နေသည်။ ခန္ဓာကိုယ်တွင်းသို့ အနွေးဓာတ်လေးထည့်ထားမှသာ နေသာထိုင်သာရှိသည်။ ကိုဗစ်ကီတို့ လမ်းထဲကထွက်တော့မှ မျက်နှာချင်းဆိုင်အိမ်လေးတွေကို သတိပြုမိလိုက်သည်။ အိမ်လေးတွေ၏ မျက်နှာစာတစ်ခုလုံးကို ကျွန်တော်အမည်မသိသော တိုက်ကပ်နွယ်ပင်များဖြင့် အလှဆင်ထားသဖြင့် ပြတင်းပေါက်များနှင့် ဝရန်တာကိုသာမြင်ရသည်။ တန် ဖိုးနည်းအိမ်ရာ ဝင်းကိုဖြတ်သန်းလာပြီးနောက် လမ်းတွင်ကနေဒါနိုင်ငံ အလံအမှတ်တံဆိပ်ဖြစ်သည့် မေပယ်ရွက်နှင့်တူသောအရွက်များဝေစည်၍ အပင်များ တသီတတန်းကြီး ပေါက်နေသောလမ်းကို ထပ်မံကူးလိုက်ရသည်။ အပင်များမှ အရွက်များသည် ဆောင်းရာသီဖြစ်သဖြင့် နီးထွေးထွေးဖြင့် အလွန်လှပသည်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်၊ အိမ်အပြန်ယူသွားချင်သဖြင့် ကိုယ်နှင့်မီသည့်အရွက်လေးများကိုခူးနေမိရာ အနီးတွင်ရှိနေသည့် မြူနီစပယ်ဝန်ထမ်းတစ် ဦးဖြစ် ဟန်ရှိသူတစ်ဦးက
'အောက်မှာကြွေကျနေတဲ့ သစ်ရွက်လေးတွေက လည်းလှပါတယ် မွန်စီယာ၊ အပင်ပေါ်ကအရွက်တွေ သူ့ဘာသာသူကြွေကျပါစေ၊ ကြွေဖို့အချိန် မရောက်သေးပါဘူး' ဟု လှမ်းပြောသည်။
မြူနီစပယ်ဝန်ထမ်း၏စကားက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးရာရောက်နေသလို အနုပညာလည်းဆန်လှသည်။ ကောက်ယူလာသည့် သစ်ရွက်လေးများကို စာအုပ်တွေမှာ သေချာညှပ်လိုက်ပြီး ဘူတာမှ နော်တာဒိမ်းဘုရားသို့ ရထားစီးလာခဲ့ကြရာ ကျွန်တော်က လမ်းလျှောက်ချင်သဖြင့် တစ်မှတ်တိုင်အလိုတွင် ဆင်းလိုက်သည်။ ဘူတာမှဆင်းပြီး စိန့်မြစ် ဖြတ်လိုက်လျှင် နော်တာဒိမ်းဘုရားရှိသည့် ကျောင်းကြီးကို ရောက်ပေတော့မည်။ စိန့်မြစ် ကိုဖြတ် ထားသည့် တံတားတစ်ခုမှာတော့ သော့ခလောက်တွေ အများကြီး ခတ်ထားတာ တွေ့လိုက်ရသည်။ သည်သော့ခလောက်တွေက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသဖြင့် ချစ်သူ့ တံတားဟုလည်းခေါ်သည်။ သော့ခလောက်တွေမှာ အမည်ကိုရေးထားပြီး တံတားနံရံဘေးရှိ သံဆန်ခါကွက်တွေတွင် သော့ခတ်ထားကြခြင်းဖြစ်သည်။ ဆိုင်ရာက ထိုတံတားသော့ခလောက်များဖြင့် ဝန်ပိလာပြီဆိုလျှင် အချပ်လိုက် ဖြုတ်ယူသွားပြီး အသစ်ပြန်လဲလှယ် တပ်ဆင်ပေး လေ့ရှိသည်ဟု သိရသည်။
နော်တာဒိမ်းဘုရားကျောင်းကြီးရှေ့ရောက်တော့ ညနေဆောင်းပြီ။ ဘာပုံရှိ၍လဲမသိ။ အရှေ့မျက်နှာစာဘက်တွင် စင်မြင့်ကြီးဆောက်ထားသည်။ အတွင်းထဲတော့ ကျွန်တော် ဝင်မလေ့လာတော့ပါ။ အပြင်ဘက် ဂေါသစ်ဗိသုကာလက်ရာ ကျောက်ဆစ်ရုပ်တွေသွားကြည့်ပြီး ကျောင်းအနောက်ဘက် ပန်းခြံဘက်သို့ လျှောက်လာခဲ့သည်။ ပါရီသည် ခေတ်ဟောင်းနှင့်ခေတ်သစ် လက်ရာရောယှက်နေသည့်မြို့ဟု ကျွန်တော်ယူဆချင်ပါသည်။ ရုပ်ဝတ္ထုတွေ တိုးတက်နေသော်လည်း ပါရီမြို့လယ်နားတွင် အထပ်မြင့်အဆောက်အအုံ တွေကို မြို့မြူနီစီပယ်ကဆောက်ခွင့်မပြုပါ။ ရှေးဟောင်းလက်ရာများကို မပျက်ရန်ထိန်းသိမ်းထားကြသည်။ ပါရီကို ဘာကြောင့် အလင်း မြို့တော်ဟုခေါ်သနည်း။ တစ်ညဥ့် လုံးနေရာအနှံ့တွင် မီးရောင်စုံများ ထိန်ထိန်လင်း နေသော ကြောင့်ပင်လား။ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါလိမ့်မည်။ အလင်းမြို့တော် (The Cityt of Light) ဟု ခေါ်ရခြင်းမှာ အလယ်ခေတ် (၁၇ ရာစုစောပိုင်း) က ကမ္ဘာပေါ်ရှိ အတွေးအခေါ်၊ ဒဿနနှင့် ပညာရေးသည် ပါရီတွင်လာရောက်ဆုံစည်းထွန်းကားခဲ့သောကြောင့် ခေါ်သည်ဟု သိခဲ့ရ ပါသည်။

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၉
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၉
ဗာဆိုင်းနန်းတော်မှာ ပါရီမြို့ထဲတွင်မရှိပါ။ပါရီ၏အနောက်ဘက် ၁၆ ကီလိုမီတာ (၁ဝ မိုင်ခန့်) အကွာတွင်ရှိပြီး နာရီဝက်ခန့် ကားမောင်းပြီးနောက် ပြင်သစ်နိုင်ငံ၏ သက်ဦးဆံပိုင်ဘုရင်စနစ်နိဂုံးချုပ်ရာ ဗာဆိုင်းနန်းတော်ကြီးကိုရောက်ရှိပေပြီ။ဗာဆိုင်းနန်းတော်ကြီးတစ်ခုလုံးကို ဧည့်သည်များအား ဝင်ရောက်ကြည့်ရှုခွင့်မပေးနိုင်ပါ။လအပိုင်း အခြားအလိုက် မည်သည့်အပိုင်းကိုဖွင့်ထားပြီး မည်သည့်အပိုင်းကို ဘယ်တွင်ဖွင့်မည်စသည်ဖြင့်သာ ဖွင့်ပေးထားပါသည်။အစောင့်ချရသည့် ဝန်ထမ်းအင်အားမနိုင်၍ဖြစ်သည်။အခန်းတိုင်းကို ယခင်ခေတ်က ဘုရင်မိဖုရားများစံမြန်းခဲ့သည့်အတိုင်း စီမံထားသည်ဟုဆိုပါသည်။ နန်းတော်ဥယျာဉ်ထဲတွင် ဓာတ်ပုံရိုက်နေကြရာမှာ ဗြောက်အိုးသံများ ကြားသဖြင့်ငေးကြည့်ရာ ယခုရာသီသည်အမဲလိုက်ရာသီဖြစ်သဖြင့် အမဲလိုက်သူများကပစ်ခတ်နေသည့် သေနတ်သံဖြစ်ကြောင်း ဂျော့ကရှင်းပြသည်။အမှန်တော့ နာမည်ကျော် ဗာဆိုင်းနန်းတော်ကိုကြည့်ရှုရန် အချိန်ပေးသင့်ပါသည်။သို့ရာတွင် ကျန်သူများက လေဆိပ်ဆင်းရတော့မည်ဖြစ်သဖြင့် နန်းတော်သို့ရောက်ဖူးသည်ဆိုရုံမျှသာကြည့်ရှုကြပြီး ပါရီမြို့တွင်းသို့ပြန်လာခဲ့ကြရာ အောင်ပွဲခံမုခ်ဦးအနီး ရှောင်ဇေလီဆေလမ်းမကြီးတစ်လျှောက် ကျွန်တော်နှင့်ဂျော့တို့ဆင်းနေခဲ့ကြပါသည်။
ဂျော့ကဟိုတယ်ပြန်လိုက်ပို့ရမလားဟုမေးသေးသော်လည်းမလိုတော့ပါ။ဂျော့၏တာဝန်မှာ ယခုအချိန်ကစ၍ ပြီးသွားပြီဖြစ်ပါသည်။ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် ပြန်တတ်သည့်အတွက် တစ်ယောက်တည်း မြို့လှည့်လည်ကြည့်ရှုရန် သူနှင့်လမ်းခွဲလိုက်ကြပါသည်။အစီအစဉ်ပြီးပြီးချင်း ကိုဥာဏ်ဝင်းနှင့်ကိုစစ်လီက သူတို့ဆီဖုန်းလှမ်းဆက်ရန် ပြောထားသော်လည်းမဆက်သေးပါ။ တစ်ကိုယ်တော်လျှောက်လည်ချင်သေးသဖြင့် လမ်းဘေးခုံတစ်နေရာတွင်ဝင်ထိုင်လိုက်ပြီး ပါရီမြို့မြေပုံ ကိုလှန်လိုက်သည်။ မနေ့ညက ပါရီမြို့ပေါ်မှာလည်ပတ်ရန် ကောင်းမည့်နေရာတွေကို အင်တာ နက်မှရှာဖွေရေး မှတ်ထားသည့်စာရွက်ကိုလှန်ကြည့်လိုက်သည်။
ကျွန်တော်ရောက်နေသည့်နေရာက အောင်ပွဲခံမုခ်ဦးအနားဖြစ်သည့်အတွက် အဦးဆုံးနေရာ ဖြစ်သော ဒေဇမ်ဘာလီ (L"Hotel Des Invalides) ကိုသွားလည်ရန် ဆုံးဖြတ်လိုက်သည်။ဒေဇမ်ဘာလီကို မသန်စွမ်းဆေးရုံဟုဘာသာပြန်လျှင်ရပါလိမ့်မည်။ဆေးရုံများဘာကြည့်စရာရှိလို့လဲဟုထင်မိကြပါလိမ့်မည်။ထိုဆေးရုံက ရိုးရိုးဆေးရုံမဟုတ်ပါ။ စစ်ပွဲများအတွင်း ဒဏ်ရာရစစ်သားများကိုကုသရန် ဆေးရုံအဖြစ် ၁၈ ရာစုက ပြင်သစ်ဘုရင်လူဝီ ၁၄ က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ဧကရာဇ်နပိုလီယံ၏ အုတ်ဂူတည်ရှိရာနေရာလည်းဖြစ်သည်။ ဆေးရုံနှင့်ပြတိုက်ပေါင်းဖွင့်ထားခြင်းဖြစ်သည်။
ဝင်းအပြင်ဘက်ကကြည့်လိုက်ကတည်းကအဆောက်အအုံကြီး၏အမိုးခုံးကြီးကထူးခြားနေသည်။ ၁၇ ရာစုအစပိုင်းက ခေတ်စားခဲ့သော ဘာရော့ပုံစံ ( Baroque Style) အမိုးခုံးကြီး (DOME) ဖြစ်သည်။ အတွင်းမှာတော့ဆေးရုံကလှသည်။ယခုထက်ထိတိုင် စစ်သားများနာလန်ထဆေးရုံအဖြစ် အသုံးပြုနေဆဲဖြစ်ပါသည်။ဆေးရုံထဲတော့ ဝင်လျှောက်ခွင့်မရပါ။နပိုလီယံ အုတ်ဂူတည်ရှိရာ ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည့် အဆောက်အအုံဘက်ကတော့ ဝင်လည်၍ရသည်။အဆောက် အအုံထဲဝင်ဝင်ချင်း အလည်တည့်တည့်ရှိ အဝိုင်းပုံလှေကားလက် ရမ်းကြီးကိုတွေ့ လိုက်ရသည်။လက်ရန်းကငုံ့ကြည့်လိုက်မည်ဆိုလျှင် နပိုလီယံ၏ အုတ်ဂူကြီးကိုတွေ့ရသည်။ အနီးကပ်ကြည့်လျှင် စကျင်ကျောက်လှေကားကြီးအတိုင်း မြေအောက်ခန်းသို့ဆင်းကြည့်နိုင်သည်။ ဤပြတိုက်မှာ စစ်ချပ်ဝတ်တန်ဆာနှင့် စစ်လက်နက်များကို ပြသထားသည့် ပြတိုက်လည်းဖြစ်သည်။Gaulloir ဟု ခေါ်သည့် ပြင်သစ်လူမျိုးတို့၏ မူလအဖွဲ့အစည်းဖြစ်သော ဂေါလခေတ်မှ စစ်ဝတ်စုံ၊ လက်နက်များမှအစ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော လက်နက်များအထိပြသထားသည်။ ၁၅ ပေခန့်ရှည်မည့်ကြေးအမြောက်ကြီးများပေါ်တွင် ကနုတ်များထွင်းထုထားသည်မှာလည်း အလွန်လက်ရာ မြောက်လှသည်။ ကျွန်တော် လျှောက်ကြည့်နေစဉ်တွင် အသက် ၅ နှစ်ခန့်သာရှိသည့်ကလေး ၅ဝ ခန့်ကို ဆရာ၊ ဆရာမ တစ်အုပ်စုက လိုက်လံ ရှင်းပြနေသည်ကိုမြင်ခဲ့ရသည်။
ဆရာ၊ ဆရာမတွေက ပါးစပ်ကရှင်းပြရုံသာမက မြေပြင်တွင်အဝတ်ဖြူစများခင်းပြီး ရှေးခေတ်က စစ်တိုက်ပုံအတိုင်းသရုပ်ပြနေသေးသဖြင့် ကလေးတွေကလည်း ဆရာ၊ ဆရာမတွေဆီက မျက်လုံးကိုမခွာတော့။အလွန်စိတ်ဝင်စားနေကြသည်။
ပြတိုက်ကထွက်တော့ နေ့လယ်စာစားရန် ကိုဥာဏ်ဝင်းက ဖုန်းဆက်သဖြင့် CONCORDE ဘူတာသို့ ရထားစီးလာခဲ့သည်။ ဘူတာမှာ ကိုဥာဏ်ဝင်းနှင့်ဆုံကာ မြန်မာထမင်းဟင်းနှင့်တူသည့် ကုလားဆိုင်သွားစားမည်ဆိုသဖြင့် အတူလမ်းလျှောက်သွားကြသည်။ စန်းမြစ်ဘေးတစ်လျှောက် စာအုပ်အဟောင်း၊ သတင်းစာအဟောင်းဆိုင်များ၊ ပန်းဆိုင်နှင့်ပန်းချီပို့စ်ကတ်များရောင်းချနေသော ဆိုင်ကလေးများကိုတွေ့ရသည်။တစ်နေရာရောက်တော့ ပန်းချီဆိုင်တစ်ခုကို ဓာတ်ပုံရိုက်ရန် ကင်မရာချိန်လိုက်တော့ လူမည်း ဆိုင်ရှင်ကမရိုက်ရန်လာပြောသည်။ကိုဥာဏ်ဝင်းကလည်း မရိုက်နှင့်ဟုပြော ပိုင်ခွင့်မရှိကြောင်း၊ မရိုက်စေချင်လည်း ဓာတ်ပုံမရိုက်ရဟု စာကပ်ထားရ မည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ပြောနေရာမှ လူမည်းဆိုင်ရှင်သည် ကျွန်တော်တို့အနားရောက်လာပြီး အသံကျယ်ကျယ် စိတ်ဆိုးမာန်ဆိုးနှင့် ပြောပါသည်။ကိုဥာဏ်ဝင်း ကလည်း အညံ့မခံပြန်ပြောနေရာ ကျွန်တော့်မှာရန်ဖြစ်မည်ကို ထိတ်လန့်မိသည်။ဖြတ်သွားဖြတ်လာလူတွေကတော့ ကျွန်တော်တို့ကိုရှိသည်ဟုပင်မထင်။ ပုံမှန်အတိုင်း အေးအေးဆေးဆေးသွားလာနေကြသည်။အတန်ကြာတော့မှ ဆိုင်ရှင်ကလျှော့သွားပြီး ရိုက်ခွင့်ပေးသဖြင့် ကျွန်တော်က ကိုဥာဏ်ဝင်းကို ဆွဲခေါ်ထွက်လာရသည်။
" ဒီကောင်တွေကို အဲလိုပြန်မပြောလို့မရဘူးဗျ၊ တစ်ခုခုဆိုမှန်နေရင်ပြန်သာပြောပစ်၊ ဒီကောင်တွေကလည်းနင်းကန်အော်ကြီး ဟစ်ကျယ်ရန်တွေ့လိမ့်မယ်၊ ဒါပေမယ့် သူတို့ဘယ် တော့မှလက်မပါရဲဘူး။ ကိုယ်ထိလက်ရောက်လုပ်တဲ့သူအရှုံးပဲ။ ကိုယ့်ပခုံးအတွန်းခံရရင် တောင် နီးစပ်ရာရဲစခန်း သာသွားတိုင်။ ဒီကောင်လျော်လိုက်ရမည့်ငွေတွေ "ဟုကိုဥာဏ်ဝင်းက လက်ချာပေးသည်။ပြင်သစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိုပြနေသည့် ပြယုဂ်တစ်ခုအဖြစ် ကျွန်တော် ခံစားလိုက်ရသည်။
အတော်ကြီးလမ်းလျှောက်လာပြီးနောက် ကိုဥာဏ်ဝင်းက ဆိုင်တစ်ဆိုင်ခေါ်သွားသည်။မြန်မာနိုင်ငံဖွားအစ္စလာမ်ဘာသာဝင်များပိုင်သည့် ထမင်းဆိုင်ဖြစ်သဖြင့် မြန်မာ ပါးစပ်နှင့်ခံတွင်း တွေ့လှပါသည်။ဈေးကလည်းမဆိုးလှပါ။ စမူဆာ၊ ထမင်း၊ ပဲဟင်းရည်၊ ဆိတ်သားဟင်း(ပုံစား)နှင့် လက်ဖက်ရည် တစ်ခွက်ကို ၅ ယူရိုပဲကျသဖြင့် ဈေးချိုသည်ဟုပင်ဆိုနိုင်ပါသည်။ကျွန်တော် တို့စားနေသည့်ဆိုင်ရှိရာရပ်ကွက်က ကုလားလူမျိုးတွေနေထိုင်သည့် ရပ်ကွက်ဖြစ်သည်။အထူးသဖြင့် တမီလ်ကုလားတွေဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံတွင် အစိုးရနှင့်တမီလ်ကုလားတို့ စစ်ဖြစ်ပွားနေစဉ်က ထွက်ပြေး လာသောတမီလ်ကုလားများကို ဒုက္ခသည်များအဖြစ်ဖြင့် ပြင်သစ်အစိုးရကနိုင်ငံသားပေးခဲ့ခြင်းဖြစ်သည်။
ထမင်းစားပြီးမကြာပါ။ အနံ့လေးတသင်းသင်းနှင့် ကိုမစ်ကီရောက်လာပါသည်။ ကိုဥာဏ်ဝင်းက ကျွန်တော်တို့ ဤဆိုင်တွင်ရှိနေမည်ဟု ဖုန်းဆက်ထားသဖြင့် ရောက်လာခြင်းဖြစ်သည်။ကိုမစ်ကီထံမှ အနံ့တသင်းသင်းသည်ဆိုးသဖြင့် ဝီစကီသောက်ထားခြင်းမဟုတ်ပါ။ ဝိုင်နီအနံ့ဖြစ်ပါသည်။တစ်နေ့တစ်နေ့ ရေမသောက်၊ ရေဆာလျှင် ဝိုင်နီသာသောက်ဟု သူကိုယ်တိုင်ပင်ကျွန် တော့်ကိုပြောထားပါသည်။ ကိုဥာဏ်ဝင်းနှင့် ကိုစန်းမြင့်တို့နှစ်ဦးမှာ ဒုက္ခသည်အဖြစ် လျှောက်ထားဆဲဖြစ်သဖြင့် အလုပ်မရှိသေးပါ။ကိုမစ်ကီကမူ ပထမအလုပ်ဝင်ပြီးနောက် ထိုအလုပ်မှ ထွက်ကာ အခြားအလုပ်ရှာနေသူဖြစ်သည်။
" ဒီမှာအလုပ်မရှိလည်း အစိုးရကတစ်လကို ယူရို ၉ဝဝ (မြန်မာငွေ ၁ဝ သိန်းခန့်) ထောက်ပံ့ကြေးပေးတာ။ ဘာအခွန်မှလည်းပေးစရာမလိုဘူး။ အလုပ်သမားဝန်ကြီး ဌာနကိုစာတင်၊ အစိုးရကထောက်ပံ့ကြေးပေးတယ်။ ဝန်ကြီးဌာနကရရှိနိုင်မယ့်အလုပ်အကိုင်တွေကို မေးလ်နဲ့တစ် ဆင့်ပို့ပေးတယ်။ မကြိုက်ရင်မလုပ်နဲ့ဦး။ ရတယ်။ အဲခြောက် လကြာရင်တော့ ဝန်ကြီးဌာနက လူကိုယ်တိုင်ခေါ်တွေ့ပြီး ဘာလို့မလုပ်တာလဲမေးတယ်။ အဓိပ္ပာယ်ရှိအောင်၊ အကျိုးအကြောင်း နဲ့တော့ဖြေပေါ့ဗျာ။ အဲဒါဆို နောက်ခြောက်လ ထောက်ပံ့ကြေးပေးတယ်။ ကျွန်တော်ဆိုအဲလိုနေလာတာ ၂ နှစ်ရှိနေပြီ "ဟု ကိုမစ်ကီကရယ်ပြီးပြောသည်။
" ထမင်းစားပြီးပြီဆိုတော့ ခင်ဗျားကျွန်တော့်အိမ်လိုက်ခဲ့ပါလား၊ ဟိုမှာဘီယာသောက်ရင်း စကားလေးဘာလေးပြောတာပေါ့ဗျာ၊ နောက်နေ့ ခင်ဗျားသွားချင်တဲ့နေရာတွေ ကျွန်တော်လိုက် ပို့ပေးပါ့မယ် "ဟု ကိုမစ်ကီ ကဆိုလာပါသည်။ဟုတ်ပါသည်။ ကျွန်တော်လည်း သူတို့နှင့်စကားအေးအေး ဆေးဆေးမပြောရသေးပါ။ ဒီကမြန်မာအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အကြောင်းသိချင် သေးသဖြင့် လိုက်သွားပါသည်။
(ဆက်ရန်)
ပုံ (၁) L'Hotel des invalides
ပုံ (၂) L'Hotel des invalides အမိုးခုံးက နံရံဆေးရေးပန်းချီ

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၈
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၈
ညစာစားဖို့အတွက်ကတော့ ထုံးစံအတိုင်းလွယ်လွယ်ကူကူဖြစ်သည့် မက်ဒေါ်နယ် ဆိုင်ထဲဝင်စားလိုက်ကြသည်။ဆိုင်ကလည်း အလကားပေးနေသလားထင်ရသည်။တန်းစီနေသူ တွေအများကြီး။ အပြန်တွင် ကျွန်တော်အပေါ့သွားချင်လာသဖြင့် အိမ်သာမေးရာ ပြင်သစ်တစ် ယောက်က လမ်းဘေးရှိ အဆောက်အအုံငယ်တစ်ခုကိုညွှန်ပြသည်။အများသုံး အိမ်သာဟုပင်မထင်ရ။ အတော်သန့်ရှင်းသပ်ရပ်သော အခမဲ့အိမ်သာဖြစ်သည်။အဝင်ဝတွင်ခလုတ် ၃ ခုရှိသည်။ အနီခလုတ်မီးလင်းနေပါက လူရှိနေသည့်သဘော။အထဲက လူကိစ္စပြီး၍ အပြင်ပြန်ထွက်လာပါက ချက်ချင်းဝင်၍မရသေး။ဒုတိယမြောက် မီးကအထဲတွင် အလိုအလျောက် သန့်ရှင်းရေးလုပ် နေသည်ဟုဆိုလိုပြီး အစိမ်းရောင်ပြတော့မှ ခလုတ်ကိုနှိပ်လိုက်လျှင် အလိုအလျောက်တံခါးက ဘေးတိုက်ပွင့်သွားသည်။အထဲသို့ရောက်လျှင် 'ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသော အားဖြင့် သင့်ကိစ္စအတွက် လိုအပ်သလောက်ပဲ ရေကိုသုံးပေးပါ'ဟု အဓိပ္ပာယ်ရသော ပြင်သစ်လို စာတန်းတစ်ခုကိုတွေ့ရသည်။
ရေပန်းအားများသောခလုတ်နှင့် အပေါ့သွားလျှင် ဆွဲရသောရေပန်းအားနည်းခလုတ်တို့ရှိရာ ကိုယ့်ကိစ္စအပေါ်မူတည်ပြီး ခလုတ်ရွေးဆွဲရန်ဖြစ်သည်။ ကျွန်တော်အပေါ့သွားပြီး၍ ရေပန်းအားနည်း သောခလုတ်ကိုဆွဲလိုက်တော့ 'သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့လူကြီးမင်းရဲ့အပြုအမူကို ကျေးဇူးတင်ပါတယ်' ဟု အလိုအလျောက်ပြန်ကြားစက်မှ အသံထွက်လာသည်။ ပါရီတွင် ယခုလိုအခမဲ့အိမ်သာတွေကို လူစည်ကားသည့်နေရာမျိုးများတွင် ချထားပေးလေ့ရှိသည်။အိမ်သာတွင်းမှာ ကျွန်တော်တို့နိုင်ငံမှာလို လက်စွမ်းပြထားသည့် ညစ်ညမ်းစာတွေ၊ ပုံတွေတစ်ခုမျှမရှိ။နောက်လူစည်ကားသည့်နေရာများတွင် ထားပေးထားသောအရာများမှာ စက်ဘီးနှင့်မော်တော်ကားတွေဖြစ်သည်။ အဲဒါတွေကတော့ အခမဲ့မဟုတ်၊ နာရီအလိုက်ပေးရသည်။ လမ်းဘေးပလက်ဖောင်းများတွင် စက်ဘီးထည့်သည့်တိုင်လေးတွေ ထောင်ထားပြီး စက်ဘီးယူလိုသူက ဘေးရှိစက်တွင် Credit ကတ်ကို စကင်ဖတ်လိုက်လျှင် စက်ဘီးဖြုတ်ယူ၍ရသည်။မိမိသွားသည့် နေရာရှိ စက်ဘီးအပ်ခုံများတွင် ပြန်ထိုးထည့်လိုက်လျှင် အလိုလိုသော့ကျသွားသည်။မော်တော်ကားတွေလည်းထိုနည်းလည်းကောင်း၊ နာရီပိုင်းနှင့် အငှားယူမောင်း၍ရသည်။ပတ်ဝန်းကျင် ထိန်းသိမ်းသည့်အနေဖြင့် လောင်စာဆီကိုလုံးဝမသုံးဘဲ လျှပ်စစ်နှင့်မောင်းသည့် ကားတွေဖြစ်သည်။မြန်မာပြည်က တရုတ်နိုင်ငံလုပ် QQ3 ကားလေးများနှင့်တူသည့်ကားလေးများကို လမ်းဘေးဓာတ် တိုင်များ အနီးတွင် ပလပ်ကြိုးလေးများတပ်လျက်တွေ့နိုင်ပါသည်။ ပါရီရောက်သူတွေမှန်သမျှ သွားရေးလာရေးအဆင်ပြေအောင် စီမံထားပုံမှာ အင်မတန်စနစ်ကျလှ ပါသည်။ပါရီမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများအားလုံးသည် ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်နေလူထုအတွက် အလုပ်လုပ်ကြသည်ဟု ကိုမစ်ကီကပြောဖူး သည်။လွန်ခဲ့သည့် ၂ နှစ်ကဆိုလျှင် မြို့နယ်တစ်ခုရှိ အုပ်ချုပ်ရေးမှူးကိုယ်တိုင် သူ့မြို့နယ်အတွက်ချပေးသည့် ဘတ်ဂျက်ငွေနည်းသဖြင့် မြို့တော်ခန်းမရှေ့တွင်ဆန္ဒပြဖူးသည်ဟုဆိုသည်။
ဟိုတယ်သို့ရောက်၍မဝင်သေးဘဲ ဆေးလိပ်ခဏသောက်နေစဉ် လက်ကိုင်ဖုန်းကမြည်လာရာ ကျွန်တော့်သူငယ်ချင်းဖြစ်သူ Pierre (ဖြဲ) ထံမှဖြစ်နေသည်။ သူကမြန်မာနိုင်ငံကို အလွန်နှစ်သက်သူ။ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့အရေးအပြီး သတင်းလာယူစဉ်က ကျွန်တော်နှင့်ခင်မင်ရင်းနှီးသွားသူဖြစ်ပြီး ယခင်ကလည်း မြန်မာနိုင်ငံကို ၇ ခေါက်ရောက်ဖူး သူဖြစ်သည်။ ကျွန်တော်ဟိုတယ် ပြန်ရောက် ပြီဆိုသည်နှင့် သူချက်ချင်းလာမည်။ စောင့်နေပါဆို၍ ဟိုတယ်မှာပင်စောင့်နေလိုက်သည်။ မိနစ် ၂ဝ ခန့်ကြာပြီး သူရောက်လာရာတွေ့တွေ့ချင်းပင်
" မင်းပါရီကို ဘယ်လိုထင်လဲ၊ နေရတာ ပျော်လား"
" ပျော်တယ်၊ အရမ်းလှတာပဲ၊ ငါ ထင်ထားတာထက်တောင်လှနေသေးတယ်၊ ပြင်သစ် လူမျိုးတွေ ကလည်းခင်စရာပါ၊ သဘောကောင်းတယ် "
" မြန်မာလူမျိုးတွေ သဘောကောင်းတာတော့မမီပါဘူးကွာ၊ ငါကမ္ဘာပတ်ပြီး သတင်းထောက် လုပ်နေသူပါ။ တကယ်ပါ။မင်းတို့မြန်မာနိုင်ငံရောက်တော့ အဲဒီကလူတွေရဲ့ အပြုံးနဲ့ဖော်ရွေမှုက အသက်ဝင်တယ်၊ ဟန်လုပ်တာမဟုတ်ဘူး။အခွင့်အရေးများရမယ်ဆိုလို့ကတော့ မြန်မာပြည်မှာ ပဲလာနေချင်တယ် "
ညစာစားပြီးပြီဆိုသော်လည်း သူကသူ့အိမ်ပြချင်သေးသည်ဟုဆိုပြီး ဆိုင်ကယ်နှင့်ခေါ်သွားသဖြင့်လိုက်သွားရပြန်သည်။ ပါရီကလမ်းလေးတွေသည် ကျဉ်းကျဉ်းလေးတွေဖြစ် သော်လည်း ကားပိတ်ခြင်း၊ ဟွန်းတီးကျော်တက်ခြင်းတို့ကို ကျွန်တော်တစ်ခါမှမမြင်ခဲ့ရပါ။ ကားနှင့်ဆိုင်ကယ်ဆိုလျှင် ဆိုင်ကယ်၊ ဆိုင်ကယ်နှင့်လူဆိုလျှင်လူ စသည်ဖြင့် ဦးစားပေးမောင်းနှင်လေ့ရှိကြသည်။
ငါးမိနစ်ခန့် ဆိုင်ကယ်စီးပြီးနောက် သူ့အိမ်ကိုရောက်လာသည်။ သူ့အိမ်က ခရိုင်အမှတ် ၇ တွင်ရှိပြီး အစိုးရအရာရှိတွေနေသူများသည့် ရပ်ကွက်ဖြစ်သည့်အတွက် ဈေးအတော်ကြီးလှသည်ဟု သူကဆိုသည်။ သူတို့ဆီမှာအခန်းတွေတည်ဆောက်ပုံက ရန်ကုန်ကအခန်းတွေနှင့်မတူပါ။ ယခင်ပိုင်ရှင်တစ်ဦးတည်း ဖြစ်ခဲ့ဟန်တူသော ဝင်းကြီးထဲတွင် တိုက်များဆောက်ထားခြင်းဖြစ်သည်။ပင်မသစ်သားတံခါးဝပေါက်ဘေးတွင် တံခါးဖွင့်ရသောနံပါတ်များကိုနှိပ်မှ တံခါးမကြီးပွင့်မည်ဖြစ်သည်။ သူ့အခန်းမှာ မြေညီထပ်နှင့် ပထမထပ်ဖြစ်သည်။အောက်ဘက်တွင်မူ ၁ဝ ပေ ပတ်လည်ခန့်ရှိသည့် ခြံဝင်းလေးကို စားပွဲ၊ ကုလားထိုင်၊ ပန်းချီကား စသည်တို့ဖြင့် အလှဆင်ထားသည့် အိမ်ပထမထပ်သို့ တက်သည့် လှေကားဘေးတွင် စာအုပ်များ၊ စီဒီခွေများနှင့် အရှေ့တိုင်းမှ အနုပညာ လက်ရာများဖြင့် အလှဆင်ထားသည်။ ပြင်သစ်လူမျိုးများသည် အိမ်တွင်းအလှဆင်သည့် အနုပညာကို အလွန် မြတ်နိုးဟန်ရှိပါသည်။ ကျွန်တော်ရောက်ဖူးသည့်တိုက်ခန်းတိုင်းလိုလို ထိုသို့အလှဆင်ထား သည်ကိုမြင်ခဲ့ရသည်။
" မင်းကတော့ ငါတိုက်ခန်းဝယ်နိုင်တော့ အတော်ချမ်းသာတယ်ထင်မှာ၊ ဘဏ်ကချေးပြီး ဝယ်ထားတာကွ၊ တစ်သက်လုံးဆပ်ရမှာ၊ ငါ့လခက တစ်လယူရိုလေးထောင်ရတယ်။ ဒါပေမယ့် တိုက်ခန်းဖိုးအရစ်ကျသွင်းရတာ၊ အခွန်ဆောင်ရတာ၊ ကျန်းမာရေးအာမခံပေးရတာ၊ စားသောက်တာ တွေနဲ့ လကုန်ရင် ယူရို ၂ဝဝ လောက်ပဲကျန်တော့တာ "ဟု Pierre ကရယ်ကျဲကျဲဖြင့်ပြောသည်။
ပါရီမှာ (မြို့တွင်း) အခန်းတစ်ခန်း ပိုင်ဆိုင်ဖို့မလွယ်လှပါ။ အတော်များများက ပေ ၂ဝ ပတ်လည် ခန့်ရှိသောအခန်းကို တစ်လလျှင် ယူရို ၁၅ဝဝ ခန့်ဖြင့် ငှားနေကြခြင်းဖြစ်သည်။
" ဆေဗရင်း (သူ့မိန်းမ) က သန်ဘက်ခါဆို ဂျော်ဒန်သွားမှာ၊ ပြီးရင် ငါလည်းလိုက်သွားရမှာ၊ မင်းဒီမှာကြိုက်သလောက်နေ၊ စားစရာတွေလည်း ရေခဲသေတ္တာထဲမှာ ဝယ်ပေးထားတယ်၊ မင်းပြန်တော့မှ ဘေးအခန်းကိုသော့အပ်ခဲ့ "ဟု ရေခဲသေတ္တာကိုဖွင့်ပြရင်းပြောပြသည်။ သူဂျော်ဒန်မသွား မီ ပါရီ၏နာမည်ကြီး မီးနီရပ်ကွက်ဖြစ်သည့် Quatier Pigalle ကို လိုက်ပြမည်ဟုဆိုသည်။ လိုက်ပို့ချင်သည့် သူ့စိတ်ကိုကျွန်တော်သံသယမရှိပါ။ သို့ရာတွင် သူကမိန်းမကြောက်သူဖြစ်သဖြင့် ကျွန်တော့်ကို ခုတုံးလုပ်ပြီး သွားချင်နေသူ လည်းဖြစ်လေသည်။
နောက်နေ့နံနက်မှာတော့ လေယာဉ်ကွင်းပို့မည့်ကားရောက်လာသည်။ ပြင်သစ်နိုင်ငံ၏ သက်ဦးဆံပိုင် ဘုရင်စနစ်ချုပ်ငြိမ်းရာ ဗာဆိုင်းနန်းတော်သို့ သွားကြတော့မည်ဖြစ်သည်။
(ဆက်ရန်)
ပုံ(၁) ပါရီမှာယူစီး၍ရသော လျှပ်စစ်ကားများ(တိုင်တွင်လျှပ်စစ်ပြန်ဖြည့်ပေးရသည်)
ပုံ(၂) ပါရီက လမ်းဘေးရွေ့လျားအိမ်သာ

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၇
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၇
တွေ့စရာ နှစ်နေရာလောက်ပဲရှိတော့ပြီး မိမိတို့ အစီအစဉ်ဖြင့် ဈေးဝယ်ရန် ဂျော့ကကြို ပြောထားသည်။သန်ဘက်ခါဆိုလျှင် ကျွန်တော်ကလွဲပြီး ကျန်အဖွဲ့များမြန်မာပြည်ပြန်တော့မည်။ဈေးကြီးလှ၍အပို ပစ္စည်းများမဝယ်နိုင်သည့်တိုင် နာမည်ကြီးလှသောပြင်သစ်ရေမွှေးတစ်ပုလင်း
လောက်ကိုတော့ ဝယ်သွားမည်ဟုဆုံးဖြတ်လိုက်ပါသည်။မဆုံးဖြတ်လျှင်လည်း
မြန်မာပြည်ပြန်ရောက်လျှင် အိမ်သူကမျက်နှာတော်ငြိုပြီး တဖျစ်တောက်တောက် လုပ်မည်မလွဲပါ။ဟိုတယ်တွင် နံနက်စာစားပြီးသည်နှင့်ဦးဆုံးလုပ်ရသည့်အလုပ် မှာဟိုတယ်တွင်နက်ဖြန်နှင့်သန်ဘက်ခါ ကျွန်တော့် အတွက် အခန်းယူထား မထားမေးရန်ဖြစ်ပါသည်။ ဂျုလဒ်ကကမူ ကျန်နေခဲ့မယ့်ခုနစ်ရက်တွင် နှစ်ရက်ကို ဟိုတယ်တွင်တည်းခိုရန်ပေးချေထား မည်ပြောထားသောကြောင့်သေချာအောင်မေးရခြင်းဖြစ်ပါသည်။
" ဘွန်ဂျူးး မွန်စီယာ၊ ဘာများအကူအညီပေးရပါ့မလဲ "ဟု ကိုယ်ခန္ဓာတောင့်တောင့်ဖြောင့်ဖြောင့်နှင့် ဧည့်ကြိုဌာနမှ မိန်းကလေးကမေးပါသည်။
" ဘွန်ဂျူး မက်မွိုင်ဇယ်၊ ကျွန်တော့်အတွက် မနက်ဖြန်နဲ့သန်ဘက်ခါအတွက် အခန်းယူထား သလားသိချင်လို့ပါ "
အခန်းရကြောင်းသေချာမှ ပါရီတွင်နေထိုင်သော သူငယ်ချင်း ကိုထွေးအား ဟိုတယ်တွင်နှစ်ရက်နေပြီးလျှင် သူ့အိမ်တွင်လာနေမည်ဟု ဖုန်းဆက်လိုက် သည်။ရောက်စကတည်းက အုံ့မှိုင်းနေသောပါရီသည် ဒီနေ့တော့ရှားရှား ပါးပါးနေခြည်တို့ဖြာကျနေသည်။နေခြည်ဖျန်းပက်ထားသော်လည်း လေကမူအေးနေသဖြင့် နေရထိုင်ရသက် သောင့်သက်သာရှိလှပါသည်။ ကျွန်တော်တို့ဒီနေ့ R.S.F ဟုခေါ်သည့် နယ်စည်းမခြားသတင်းထောက်များ အသင်းကိုရောက်တော့ ကျွန်တော်တို့ကို အာရှ-ပစိဖိတ်ဗျူရို အကြီးအကဲဖြစ်သူ ဘင်ဂျမန်အစ္စမေးလ်က ကြိုဆိုနေသည်။ သူနှင့်ကျွန်တော်မစိမ်းလှပါ။ သူက မြန်မာနိုင်ငံကို ၂ဝ၁၂ ကရောက်ဖူးသည်။ သူတို့အဖွဲ့က မြန်မာနိုင်ငံ ကိုလာချင်သော်လည်း ယခင်ကဗီဇာမရ၊ အစိုးရအသစ်ပြောင်းတော့မှ ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာနှင့်အတူ မြန်မာနိုင်ငံရောက်ဖူးခြင်းဖြစ်သည်။ သူမြန်မာပြည်ကပြန်ခါနီး ကျွန်တော့်ကို တော်တော်ဦးနှောက်စား သွားသေးသည်။ ထိုအချိန်က ရခိုင်ပြည်နယ်တွင်မငြိမ်မသက်မှုများရှိနေသည့် အတွက် သူကသွားလေ့လာချင်သည်။ ကျွန်တော်က ထိုနယ်တွင် ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ နိုင်ငံခြားသားများ သွားမရကြောင်းပြောပါသေးသည်။ သူကမရ၊ နောက်နေ့ချက်ချင်း လေယာဉ်ကွင်းမှာ Go Show (ချက်ချင်း လက်မှတ်ဝယ်) ပြီးသွားမည်ဆို တော့ ကျွန်တော်လက်လျှော့လိုက်သည်။ ကျွန်တော်ကမူ သူ့အတွက်စိတ်ပူနေသည်။သူ၏ရုပ်သွင်က အိန္ဒိယ တိုင်းရင်းသား နှင့်တူနေသည်ကိုး။ သူ၏အဘိုးနှင့်အဘွားက အိန္ဒိယနွယ်ဖွား၊ သူကမူ ပြင်သစ်နိုင်ငံတွင် မွေးဖွားသူဖြစ်သည်။ ထိုနေ့နေ့ခင်း ရောက်တော့ သူကျွန်တော့်ကိုဖုန်းပြန်ဆက်သည်။ သူသွားခွင့်မရပါတဲ့။ လူဝင်မှုကြီးကြပ်ရေး ကသူ့ဗီဇာသက်တမ်း နှစ်ရက်သာကျန်တော့သဖြင့် ပေးမသွားဟုဆိုသဖြင့် ကျွန်တော့်ရင်ထဲက အလုံးကြီးကျသွားပါသည်။သွားခွင့်ရလျှင်ဘာတွေ ဘယ်လို ဖြစ်ဦးမည်မသိ။
ရုံးခန်းထဲရောက်တော့ ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာက ဆီးနှုတ်ဆက်သည်။ ကျွန်တော် ပါရီကိုလာနိုင်တာ ဝမ်းသာမဆုံး။ ညစာစားဖို့ ချိန်းနေသေးသော်လည်း ကျွန်တော်တို့မှာ အစီအစဉ်တွေပြည့်နေပြီ။ နယ်စည်းမခြားသတင်းထောက်များအကြောင်း အနည်းငယ်ရှင်းပြချင်ပါ သေးသည်။ အမှန်စင်စစ် နယ်စည်း မခြားသတင်းထောက်များအသင်းသည် သတင်းဖြန့်ချိ သည့် ဌာနမဟုတ်ပါ။ သတင်းအေဂျင်စီမဟုတ်ပါ။ AFP ၊A P ၊ Reuter စသည်တို့သည် သတင်းအေဂျင် စီကြီးများဖြစ်ကြပြီး ဝက်ဘ်ဆိုက်တွေကိုယ်စီရှိသော်လည်း သူတို့ကသတင်းလွှင့်ခြင်းမဟုတ်၊ သူတို့က သတင်းထောက်တွေ ကမ္ဘာအနှံ့ထားပြီး သတင်းလွှင့်ဌာနတွေဖြစ်သည့် BBC ၊ CNN ၊ ABC စသည့် ကမ္ဘာကျော်သတင်းဌာနများကို ဓာတ်ပုံ၊ ဗီဒီယို၊ သတင်းစာသားများ ရောင်းချသည့်အေဂျင်စီဖြစ်သည်။ နယ်စည်းမခြားသတင်းထောက်များအသင်းမှာမူ အေဂျင်စီသတင်းလွှင့်ဌာနမဟုတ်ဘဲ သတင်းသမားများ သတင်းယူခွင့်နှင့်သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်သည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခု (NGO) သာဖြစ်ပါသည်။
ကမ္ဘာအနှံ့ရှိ ထောင်သွင်းအကျဉ်းကျခံနေရသော သတင်းသမားများ၊ ပြန်ပေးဆွဲခံရသော သတင်းသမားများ လွတ်လပ်ခွင့်ပြန်လည်ရရှိရန် တောင်းဆိုခြင်း၊ သို့တည်းမဟုတ် အဆိုပါသတင်းသမားများအပေါ် ကျန်းမာရေး၊ မိသားစုစားဝတ်နေရေး၊ ပညာရေး စသည့်လိုအပ်သောကဏ္ဍများကို ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
RSF မှပြန်လာတော့ ကျွန်တော်တို့တွင် တွေ့ဆုံရမည့် အစီအစဉ်တွေမရှိတော့သဖြင့် ဂျော့က ရိုဒင် ပြတိုက်ဆီသို့ခေါ်သွားပါသည်။ နာမည်ကျော်ပန်းပု ဆရာရိုဒင်၏ 'တွေးခေါ်သူ' (Thinker) ရုပ်တုကို ကိုယ်တိုင်မြင်ရတော့မည်ဖြစ်သဖြင့် အားလုံးဝမ်းသာနေကြသည်။ ပြတိုက်ဝင်းထဲ ဝင်လိုက်သည်နှင့် လှပစွာပုံဖော်ထားသော အပင်များကြား(Thinker) ရုပ်တုကို ထင်ထင်ရှား ရှားမြင် နေရပါသည်။ ကြေးဖြင့်ထုလုပ်ထားသော် အရုပ်ကြီးသည် မိုးရေထဲတွင်ပါသည့် အက်ဆစ်နှင့် ဓာတ်ပြုထားသောကြောင့်လားမသိ အစိမ်းရောင်ပေါက်နေသည်ဟု ကျွန်တော်ထင်ပါသည်။ ပန်းပုပညာရှင် သြဂတ်စ်ရိုဒင် (Auguste Rodin) သည် Hotel Biron ကို သူ၏အလုပ်ခန်းအဖြစ် ၁၉ဝ၈ ခုနှစ်ကတည်းက အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင် ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ပါမည်ဟူသော သဘောတူညီချက်ဖြင့် အဆောက်အအုံနှင့်တကွ သူ၏လက်ရာများ အားလုံးအပါအဝင် သူစုဆောင်းထား သော ပန်းချီကျော် ဗန်ဂိုး၊ ရေးနွားတို့၏ ပန်းချီကားများကိုပါ ပြင်သစ်အစိုးရသို့လှူဒါန်းခဲ့သည်။ ပြတိုက်ထဲတွင်တော့ မီးစလိုက်များဖြင့် ချိန်ထိုးပြသ ထားသော ကြေးရုပ်နှင့်စကျင်ကျောက်သားရုပ်များ။ ရိုဒင်၏နာမည်ကျော်လက်ရာများဖြစ်သည့် အနမ်း (THE KISS) နှင့် အသူရာ ဘုံတံခါးများ (GATES OF HELL) စသည်တို့ကိုလည်း ကြည့်ရှုခဲ့ရသည်။ အခြားပြတိုက် များလိုပင် စပိန်၊ ဂျာမန်၊ အင်္ဂလိပ်၊ ပေါ်တူဂီ စသည့်ဘာသာများ ဖြင့်ရှင်းပြပေးနေသော နားကြပ်များကိုလည်း ပြတိုက်အဝင်ကတည်းက တောင်းယူနိုင်သည်။ မိမိသိရှိနားလည်လိုသော ပန်းပုရုပ်နံပါတ်ကို နှိပ်လိုက်လျှင် ထိုရုပ်တုသမိုင်းကြောင်းအဓိပ္ပာယ်ကို ရှင်းပြပေးနေသည်။
" ကဲ မြန်မြန်ကြည့်ကြ၊ ဈေးဝယ်ကြဦးမယ်မဟုတ်လား။
ကဲ ဂျော့ရေ၊ ဈေးတော့တို့ဘာသာတို့ပဲသွားလိုက်တော့မယ်။ ခင်ဗျားပြန်ချင်ပြန်တော့နော်။ မနက်ဖြန် သူတို့က နေ့လယ်တစ်နာရီ လေယာဉ်နဲ့ပြန်မှာ။ အဲဒါဘယ်လိုစီစဉ်မလဲ "ဟု ကျွန်တော်က ဂျော့ကိုမေးလိုက်သည်။
" အင်း နေ့လယ်တစ်နာရီဆိုတော့ မနက်ပိုင်းတစ်ခုလုံးအားနေတာပဲ။ ဒီတော့ မနက် ၆ နာရီခွဲလောက် ငါမင်းတို့ဟိုတယ်ကိုလာခေါ်မယ်။ ဗာဆိုင်းနန်းတော်ကို သွားကြည့်ကြတာပေါ့။ သူတို့အိတ်တွေပါ တစ်ခါတည်းကားထဲထည့်ပြီး ဗာဆိုင်းသွားကြမယ်။ ပြီးရင် သူတို့ကို ကားနဲ့ လေဆိပ်ကိုတိုက်ရိုက်ပို့ပြီး ငါနဲ့မင်းကတော့ မင်းဟိုတယ်နဲ့နီးရာမှာ ဆင်းနေခဲ့ကြတာပေါ့ "
ဂျော့ပြန်သွားပြီးနောက် ဈေးဝယ်ရန်ကောင်းသော ဂျော့ပွန်ပီဒူးပြတိုက်ရှိရာသို့ ပါးစပ်ပါရွာရောက် ထုံးမူ၍ ရောက်လာခဲ့ကြသည်။ ပိုက်လုံးကြီးများ ဆက်ထားသလို ဗိသုကာဟန်ပြတိုက်ကြီးရှေ့တွင်တော့ ဇီဒန်းနှင့်မက်ဒရာစီ ၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပွဲတုန်းက ဘောလုံးလုနေကြပုံအရုပ်ကြီးကို တွေ့ရသည်။ ဂျော့ပွန်ပီဒူးပြတိုက်မှာ အဓိကအားဖြင့် မော်ဒန်လက်ရာများပြသထား သည့်ပြတိုက်ကြီးဖြစ်သည်။ ဈေးဝယ်ရန်ရှိသဖြင့် ဝင်မကြည့်ကြတော့သော်လည်း မှန်ပြတင်းမှတစ်ဆင့် ပါဖောင်းမန့်လုပ်ပြထားသော ကား ၂ စီးကို တွေ့နေရသည်။ ကားတွေက ကြေမွတွန့်လိမ် နေသော ကားများ။
ကျွန်တော်က " အဲဒါမင်းသမီးဒိုင်ယာနာကားပေါ့၊ ပြင်သစ်နဲ့ အင်္ဂလန်ဆက်သွယ်ဖောက်ထားတဲ့ ရေအောက်ကားလမ်းမှာတိုက်ခဲ့တာပေါ့ "ကျွန်တော်က နောက်လိုက်တာဖြစ်သော်လည်း မလှလှ ဌေးကမူ-
" ဟင်ဟုတ်လား။ အင်းလေ ဒီလောက်အရှိန် ပြင်းပြင်းနဲ့တိုက်မှတော့သေတာပေါ့ "ဟု စိတ်မကောင်းဟန်ဖြင့်ပြောသည်။
ဈေးမှာ ရန်ကုန်ကညဈေးတန်းတွေနှင့်တော်တော်တူပါသည်။ ဆိုင်ခန်းများ၏ရှေ့လမ်းပေါ်တွင် အဝတ်အစား၊ အထည်စ၊ နာရီ၊ ပန်းချီကား စသည့် ပစ္စည်းတွေနေရာချထားပြီး ဝယ်သူကို ပြင်သစ်ဘာသာဖြင့် ခေါ်နေကြသည်။ မလှလှဌေးက ဖိနပ်တစ်ရန်ဝယ်ချင်သဖြင့် ပြင်သစ်လို အနည်းငယ်တတ်သော ကျွန်တော့်ကို သူနှင့်အတူလိုက်ပေးရန်ခေါ်သည်။ ဆိုင်ထဲရောက်တော့ မလှလှဌေးကြိုက်သည့်ဖိနပ်က ယူရို ၈ဝ ကျော်ကျနေသည်။ ကျွန်တော်ကခပ်တည်တည်ပင် ယူရို ၄ဝ ဆစ်ချလိုက်ရာ နောက်ဆုံး ၄၅ ယူရိုနှင့်ဈေးတည့် သွားသည်။ ဆိုင်မှထွက်ပြီး ခပ်လှမ်းလှမ်းရောက်မှ ကင်မရာမေ့ကျန်ခဲ့ကြောင်းပြောသဖြင့် တစ်ခေါက်ပြန်လှည့်ရသေးသည်။ ဆိုင်ရောက်တော့ ကင်မရာကျန်ခဲ့မှန်းဆိုင်ရှင်ကမသိ။ ဖိနပ်အစမ်းဝတ်သည့်နေရာကျမှ ကင်မရာကို အသင့်ပြန် တွေ့ရသဖြင့်တော်ပါသေးသည်။ ဆိုင်ရှင်တရုတ်မက ကျွန်တော်တို့ကို ပစ္စည်းတွေမမေ့ကျန်ဖို့၊ ခါးပိုက်နှိုက်တွေ လည်းပေါကြောင်း တဖွဖွသတိပေးလိုက်သေးသည်။ ပါရီမှာ ခါးပိုက်နှိုက်တွေမထင်ရ။ ကျောင်းသား၊ ကျောင်းသူလေးတွေလို လူကြီးလူကောင်းတွေလို ဝတ်ကောင်းစားလှ တွေနှင့်ဖြစ်သည်။ ခါးပိုက်နှိုက်ဟုထင်ရသည့် ဘူတာထဲတွင်အိပ်သည့် ခြေသလုံးအိမ်တိုင်သမားများကတော့ အရက်ဖိုးပိုက်ဆံတောင်း ချင်တောင်းမည်။ ဘယ်တော့မှခါးပိုက် နှိုက်မလုပ်။ ကျောပိုးအိတ် ပိုးထားပြီးရထားစီးလျှင် မိမိအနားကောင်မလေးတွေကပ်ပြီး ပြီတီတီလုပ်နေလို့ကတော့ မျောမနေနှင့်။ မျောလို့ကတော့ပါသွားပြီသာမှတ်လိုက်ပေရော့။ ။
(ဆက်ရန်)
ပုံ(၁) ပါရီရှောင်ဇေလီဇေလမ်းမကြီး
ပုံ(၂) ရိုဒင်ပြတိုက်

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၆
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၆
ပါရီကိုရောက်တာ ၅ ရက်ပဲရှိသေးသော်လည်း ကျွန်တော်တို့က မြန်မာအစား အစာကိုလွမ်းလှပြီ။ အထူးသဖြင့် ရန်ကုန်နံနက်စောစော ထမင်းကြော် သို့မဟုတ် မုန့်ဟင်းခါး စားနေကျသူများဖြစ်ရာ ဟိုတယ်ကနံနက်စာကျွေးသည့် ဘာဂက် (bagutte) ခေါ် ပေါင်မုန့်ညို၊ croissant ခေါ် မုန့်ကြိုးလိမ်၊ ဘဲဥပြုတ်၊ အသားပြားကြော်တို့ကိုငြီးငွေ့လှပြီ။ ပြင်သစ်တွေကတော့ဘာဂက်ခေါ် ပေါင်မုန့်ညို ရှည် ရှည်ကြီးတွေကို မြန်မာတွေမုန့်ဟင်းခါး ကြိုက်သလို ကြိုက်ကြသည်။ပြင်သစ်ပြည်၏ အမှတ်အသား များမှာ အီဖယ်မျှော်စင်၊ အောင်ပွဲခံမုခ်ဦး (L'Arch de Triomphe) တို့အပြင် ဝိုင်၊ croissant၊ ဘားဂတ်၊ ကဖေးနှင့်ရေမွှေးတို့သည်လည်း ပြင်သစ်သင်္ကေတ များဖြစ်ကြသည်။ခရီးသွားစဉ် နံနက်စောစော အစာများများစားလေ့ မရှိဘဲ ဖျော်ရည်ကိုသာသောက်လေ့ရှိသည့် ကျွန်တော့်အတွက် ဟိုတယ်တွင် ဖျော်ရည် (Juice) တွေရှိသဖြင့်တော်ပါသေးသည်။ဒီနေ့သွားရမည့်အစီအစဉ်ကို ကြည့်လိုက်တော့ ဦးဆုံး Le Figaro အမည်ရှိ နေ့စဉ်ထုတ်သတင်းစာတိုက်ဆီဖြစ်သည်။တွေ့ဆုံရမည့်သူက Alain Burluet ။ကျွန်တော်ကြားဖူးသည့် နာမည်လိုလို ရှိသော်လည်း မသေချာသေးပါ။သတင်းစာတိုက် ရောက်၍သူ့မြင်တော့မှ ကျွန်တော်သိသောသူဖြစ်နေသည်။ အစပထမသူကလည်းမမှတ်မိသေး။ နောက်မှအံ့သြစွာဖြင့် ကျွန်တော့်နာမည်ခေါ် ပါသည်။သူက ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံတွင် သတင်းယူစဉ် ကျွန်တော်နှင့်အတူ အလုပ်လုပ်ခဲ့သူဖြစ်သည်။ သံတမန်နှင့် နိုင်ငံရေးရာသတင်းထောက် ဖြစ်ပြီး ရာထူးကြီးဖြစ်သည်။Le Figaro မှာ နေ့စဉ်ထုတ်သတင်းစာဖြစ်ပြီး ၁၈၂၆ ခုနှစ်ကတည်းက ထုတ်ဝေ ခဲ့ခြင်းဖြစ်ကာ ပြင်သစ်နိုင်ငံ၏သက်တမ်းအရှည်ကြာဆုံး သတင်းစာ ဖြစ်သည်။
“ Le Figaro မှာ သတင်းထောက်ပေါင်း ၃ဝဝ လောက်ရှိပြီး နိုင်ငံခြားမှာ သတင်းထောက် ၁ဝ ယောက် ရှိပါတယ်။ ဒီမှာ ပုံနှိပ် (Print) ပိုင်းနဲ့ ဝက်ဘ်ဆိုက်ပိုင်းဆိုပြီး ခွဲထားပါတယ်။ ဝက်ဘ်ကတော့ သတင်း အတိုချုပ်တွေပေါ့လေ။ ပုံနှိပ်ကတော့ စုံစမ်းထောက်လှမ်းရေးထားတဲ့ သတင်းတွေ (investigative reports) ၊ အသေးစိတ် (indept) ရေးထားတာတွေဖော်ပြပါတယ်။ ဝက်ဘ်ဆိုက်က တော့အခမဲ့ပါ။ ဒါပေမယ့် ရေရှည်မှာ ပုံနှိပ်မီဒီယာရဲ့အခန်းကဏ္ဍက ပိုအကျပ်အတည်း တွေ့နိုင်တဲ့ အတွက် အခပေး ဝက်ဘ်ဆိုက်ဖြစ်အောင်လုပ်ဖို့စဉ်းစားနေပါတယ် “ ဟု အာလန်ကဆိုသည်။
သတင်းစာအား စီးပွားရေးလုပ်ငန်းရှင်များက လွှမ်းမိုးမှုရှိမရှိနှင့်ပတ်သက်၍
“ လွှမ်းမိုးသူကတော့ရှိ တယ်။ ကျွန်တော်တို့တိုက်ကို Le Figaro ဆိုတဲ့ အုပ်စုကပိုင်တာပါ။ သတင်းစာအပြင် TV မဂ္ဂဇင်းလည်း ထုတ်ဝေပါတယ်။ လက်ရှိသတင်းစာတိုက်ရဲ့ ဥက္ကဋ္ဌက Serge Dassaut အ ဖြစ်မယ့်အတွက် အရင်သမ္မတဆာကိုဇီပါတီရဲ့လမ်းစဉ်ဖြစ်တဲ့ လက်ယာဘက်ကိုယိမ်း ပါတယ်။ စွက်ဖက်မှုတွေရှိပေမယ့်ညှိပြီးလုပ်ရတာပေါ့ဗျာ “
ဒါးဆိုး (Dassaut) ဆိုသူမှာ ပါလီမန်အမတ်တစ်ဦးဖြစ်ပြီး တိုက်လေယာဉ်နှင့်ပုဂ္ဂလိကပိုင် လေယာဉ် များ ထုတ်လုပ်သည့် DASSAUT ကုမ္ပဏီ၏ အကြီးအကဲလည်းဖြစ်သည်။ သတင်းစာတိုက်မှ ပြန်ထွက် လာပြီးနေ့လယ်စာစားပြီးနောက် Le Canard Enchaine သတင်းစာတိုက်သို့လာခဲ့ကြ သည်။ သတင်းစာ၏အမည်မှာ သံခြေချင်းဝတ်ဘဲကလေးဟု အဓိပ္ပာယ်ရပြီး အထိန်းအကွပ်နှင့်သတိထား ရသောသတင်းစာဟု ရည်ညွှန်းချင်သည်ဟုထင်ရပါသည်။ သတင်းစာ၏အချက်အလက်ကို အခြေခံပြီး သရော်စာဆန်ဆန်ရေးသော စာများဖြစ်သည်။ စာမျက်နှာရှစ်မျက်နှာသာရှိပြီး ဓာတ်ပုံတွေလည်း လုံးဝမသုံး၊ ကယ်ရီကေးချားခေါ်ရုပ်ပြောင်ပုံနှင့်ကာတွန်းများကိုသာ အသုံးပြု ထားသည်။
သတင်းစာတိုက် တည်ရှိရာ စိန့်ဟော်နိုရေး (St Honore) လမ်းရှိ ပထမထပ် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ပြင်သစ်သမ္မတဟောင်း ချားလ်ဒီလ်ဂေါ၏ ရုပ်ပြောင်ပုံကိုစက္ကူဖြင့် ရုပ်လုံးကြွ ပလာစတာကိုင်ထားသည်ကိုမြင်ရသည်။ ကျွန်တော်တို့ကို လက်ခံတွေ့ဆုံသူမှာ သတင်းထောက် ဖြစ်သူ Ms. Brigitte ဖြစ်သည်။အသက် ၅ဝ ကျော်ခန့် ထောင်ထောင်မောင်း မောင်းဖြစ်ပြီး စကားကို သွက်လက်ရွှင်ပျစွာပြောတတ်သူဖြစ်သည်။
“ ပြင်သစ်မှာ ကျွန်မတို့ သတင်းစာလို သရော်စာရေးတဲ့သတင်းစာ နောက်တစ်စောင် ရှိသေးတယ်။ Charlie Hebdo တဲ့။ သရော်စာအရေး ကောင်းလို့ မကြာသေးခင်က အကြမ်းဖက်သမားတစ်စုက မီးဝင်ရှိုလိုက်ကြတယ်။တရားခံတော့မမိသေးဘူး။ ဒါပေမယ့် အဲဒီသတင်းစာကို ဆက်ထုတ်နေတုန်းပဲ “
Le Canard Enchaine သည် အပတ်စဉ် ဗုဒ္ဓဟူးနေ့ထုတ်သတင်းစာဖြစ်ပြီး ၁၉၁၅ ခုနှစ်ကစတင် ထုတ်ဝေခဲ့သည်။မကြာမီနှစ်တစ်ရာပြည့်တော့မည်ဖြစ်သည်။
“ ဒီလိုဖိအားတွေရှိပေမယ့် ကျွန်မတို့မတုန်လှုပ်ပါဘူး။ ကျွန်မတို့က အစိုးရအဖွဲ့တွေအကြောင်းရေးလို့ ပြဿနာလည်း အကြိမ်ကြိမ်တက်ဖူးပြီး အစိုးရဌာနဆိုင်ရာက တရားစွဲတာချည်းပဲ အကြိမ်တစ်ရာ လောက်ရှိပြီထင်တယ်။ ဒါပေမယ့် ၄၊ ၅ ခါပဲ အစိုးရကနိုင်တယ်။ ကျွန်မတို့က အချက်အလက်နဲ့ရေး တာကိုး။ သူတို့ငြင်းလို့ဘယ်ရမလဲ။လက်ဝဲယိမ်းတာလက်ယာယိမ်းတာထက် လူတွေခံစားနေ ရတာကို အချက်အလက်နဲ့ရေးတာလေ။ ရယ်စရာပြောရဦးမယ်။ အရင်သမ္မတ ဆာကိုဇီလက်ထက်ကဆိုရင် သမ္မတကို ဗုဒ္ဓဟူးနေ့တိုင်း ကျွန်မတို့သတင်းစာနဲ့ သမ္မရုံးကလူတွေသွားရမည့်အလှည့်ကို မဲနဲ့ရွေး တာရှင့်။ မပေးရဲလို့လေ။သမ္မတကလည်း ကျွန်မတို့ကိုမျက်မုန်းကျိုးပေမယ့် သတင်းစာကိုဖတ်တော့ ဖတ်ရတယ်လေ “
သူ့စကားကြားတော့ တကယ့်သတင်းစာသမားကောင်းတစ်ယောက်ဆိုတာ ဒီလိုပါလားဟု လေးစားအထင်ကြီးမိသည်။ သတင်းစာကို ပုံမှန်ယူသူတစ်သောင်းခွဲရှိပြီး အပတ်စဉ် ၅ သိန်းရိုက်နှိပ် ရကာ တစ်စောင်လျှင် ၁.၂ဝ ယူရိုနှင့်ရောင်းခြင်းဖြစ်သည်။သတင်းစာက ကြော်ငြာ လည်းလုံးဝမထည့်၊ သတင်းစာရောင်းရသည့်ဝင်ငွေဖြင့် ရပ်တည်ခြင်းဖြစ်ကာ အင်တာနက် ဝက်ဘ်ဆိုက်လည်းမထားရှိပေ။
“ ကျွန်မတို့သတင်းစာမှာ ဆောင်ပုဒ်တွေ (motto) ရည်မှန်းချက် (mission) တွေမရှိဘူး။ လူထုကို သတင်းပေးဖို့ပဲ။ ဒါပေမယ့် အချက်အလက်မရှိဘဲနဲ့ လူဘယ်လောက်စိတ်ဝင်စား မယ့်ကိစ္စဖြစ်ပါ စေလုံးဝမရေးဘူး “
နောက်သွားရမယ့်နောက်တစ်နေရာက ပုံနှိပ်မီဒီယာမဟုတ်။ ဝက်ဘ်ဆိုက်ဖြစ်သည့် Slate.fr ဆိုသည့် ဌာနဖြစ်သည်။ ပြင်သစ်မီဒီယာမဟုတ်ဘဲ အမေရိကန်သတင်းစာကြီးဖြစ်သည့် Washington Post သတင်းစာက ပိုင်သည်။ဒီဝက်ဘ်ဆိုက်က အမေရိကန်ပြည်ထောင်စုတွင် အကျော်ကြားဆုံး ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ပြင်သစ်ဘာသာဖြင့် ၂ဝဝ၉ ခုနှစ်မစ၍ ဝက်ဘ်ဆိုက်ပေါ်တင်ခဲ့ကြသည်။ ကြော်ငြာခဝင်ငွေရရှိပြီး အခမဲ့ကြည့်ရှုနိုင် သော ဝက်ဘ်ဆိုက်ဖြစ်သည်။ နေ့စဉ်ဝင်ရောက်ကြည့်ရှုသူ တစ်သိန်းသုံးသောင်းခန့်ရှိပြီး လူချမ်းသာများကိုသာ အဓိကထားသည့်ဝက်ဘ်ဆိုက်ဖြစ် သည်ဟုသိရသည်။
ကျွန်တော်တို့တစ်တွေ မီဒီယာလေ့လာရေးအပြီးအပြန် ဟိုတယ်တွင် ကျွန်တော်တို့ကို အောင်ပွဲခံမုခ်ဦးရှိရာ ရှောင်ဇေလီးဇေး (Champs-Elysee) လမ်းမကြီးကိုလိုက်ပို့ဖို့စောင့်နေသော ကိုမစ်ကီတို့ သုံးယောက်ကိုတွေ့ရသည်။ဟိုတယ်ရှိရာ (rue du Bac) မှတ်တိုင်မှာ အမှတ် ၁၂ ရထား လိုင်းကို လေးဘူတာခန့်စီး၍ ရထားလိုင်းအများစုဆုံရပ်ဖြစ်သည့် Concorde ဘူတာတွင်ဆင်း၊ထိုမှ တစ်ဆင့် အမှတ် ၁ လိုင်းကိုစီးရာ Franklin D. Roosevelt မှတ်တိုင်တွင်ဆင်းလိုက်သည်။ မြေအောက်ဘူတာမှအတက်တွင် ကျော်ကြားလှသော ရှောင်ဇေလီးဇေးလမ်းမကြီးကို မီးရောင် ထိန်ထိန် အောက်တွင်တွေ့လိုက်ရသည်။ ပါရီမြို့၏တည်ဆောက်ပုံကမှတ်ရလွယ်ပါသည်။ပါရီသည် Arrondissement ခေါ် ခရိုင်ကြီး ၂ဝ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး L’Hotel de Ville ခေါ် မြို့တော်ခန်းမ မှစ၍ နာရီလက်တံလှည့်သည့်အတိုင်း မြို့အပြင်ကို ၂၊၃၊၄ စသည်ဖြင့် ကျယ်ပြန့်သွားခြင်း ဖြစ်သည်။ မျက်စိထဲမြင်အောင်ပြောရလျှင် ခြင်ဆေးခွေပုံစံအတိုင်းပင်ဖြစ်သည်။ အောင်ပွဲခံမုခ်ဦး တည်ရှိရာမှာ 4 arrandissement တွင် ဖြစ်သည်ဟုထင်ပါသည်။နပိုလီယံတည်ဆောက်ခဲ့သော အောင်ပွဲခံမုခ်ဦးကြီး ကို ချက်စ်နပ်ပင်တွေကြားထဲမှပင် မီးရောင်စုံဖြင့် ခံ့ညားစွာမြင်တွေ့နေရသည်။လမ်းဘေးတစ်ဖက် တစ်ချက်တွင် ကမ္ဘာကျော် Brand ပစ္စည်းများရောင်းချနေသောဆိုင်များ ဖွင့်လှစ်ထားကြသဖြင့် Louis Vuitton ပစ္စည်းရောင်းချသော ကုန်တိုက်ကြီးကိုလည်းမြင်ခဲ့ရသည်။
“ အဲဒီကုန်တိုက်နားရောက်တာနဲ့ တရုတ်တွေက ခင်ဗျားတို့ကို နိုင်ငံခြားသားတွေလားလို့မေးမယ်။ ပြီးရင် ကတ်တလောက်ထဲက သူတို့လိုချင်တဲ့ပစ္စည်းကိုပြပြီး ခင်ဗျားကိုပိုက်ဆံပေးပြီးဝယ်ခိုင်း လိမ့်မယ်။ဝယ်ပေးခတော့ ခင်ဗျားကိုပေးတာပေါ့။ ဒါပေမယ့် မဝယ်ဘဲလစ်ပြေးမယ်တော့မကြံနဲ့။ သူတို့မှာဂိုဏ်းတွေရှိတယ်ဗျ။ သူတို့က အထဲဝင်ဝယ် လို့မရဘူး၊အတုလုပ်မယ့်သူတွေဆိုတာသိနေ တော့ ဆိုင်လုံခြုံရေးတွေက အဝင်မခံဘူး “ ဟု ကိုမစ်ကီကရှင်းပြသည်။Louis Vuitton အိတ်တန်ဖိုး များကတော့ ကျောချမ်းစရာပင်။ မိန်းမကိုင်အိတ်တစ်အိတ်လျှင် အနည်းဆုံး မြန်မာ ငွေသိန်း ၂ဝ ခန့် မှသိန်းရာကျော်ထိရှိသဖြင့် မဝယ်နိုင်မည့်အတူတူမကြည့်ရန် ဆုံးဖြတ်လိုက် သည်။အောင်ပွဲခံမုခ်ဦးနှင့် အနီးဆုံးနေရာရောက်သည်နှင့် ဓာတ်ပုံတွေရိုက်ရန် ပြင်ဆင်ချိန်တွင် ကိုမစ်ကီက အသင့်ပါလာသော ဝီစကီပုလင်းကိုထုတ်၍ အချမ်းပြေသောက် လိုက်ကြသည်။ကျွန်တော်တို့အဖွဲ့ထဲက ကျန်သူများကမူ မသောက်ပါ။ ကျွန်တော်ကတော့ ချမ်းတာကိုအကြောင်းပြုပြီး သောက်လိုက်သည်။ရှောင်ဇေလီဇေး လမ်းမကြီးပေါ်တွင် ကျွန်တော်တို့လိုသောက်သုံးနေသူများကလည်းမနည်း။ကျွန်တော်သည်ရှောင်ဇေလီးဇေးလမ်းမကြီး အောင်ပွဲခံမုခ်ဦး အောက်မှတစ်ဆင့် ဂျာမန်တပ်များ သေနတ်တစ်ချက်မဖောက်ဘဲ ပါရီမြို့သို့ထဲ ဝင်ရောက်လာပုံ၊ မဟာမိတ်အနိုင်ရပြီး ချားလ်ဒီဂေါလ် ဦးဆောင်သော ပြင်သစ်တပ်များ ပြန်လည်ဝင်ရောက်လာပုံကို မှန်းဆမြင်ယောင်ကြည့်မိပါသည်။ ပါရီ၏ညချမ်း သည် ခေါင်းစွပ်၊ လက်အိတ်များမပါသဖြင့် နှာတွေပိတ်သဖြင့် အနီးဆုံးက Mc Donald ဆိုင်တွင် ညစာဝင်စားပြီး ဟိုတယ် သို့ပြန်လာခဲ့ကြသည်။
(ဆက်ရန်)
ပုံ(၁) Le Figaro သတင်းစာတိုက်
ပုံ(၂) ရှောင်ဇေလီးဇေးလမ်းမကြီး

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၅
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၅
သူတို့ခေါ်သွားသည့်စားသောက်ဆိုင်ကဘူဖေးပုံစံမျိုးဖြစ်ပြီး မိမိနှစ်သက်ရာဟင်းကို ချက်ချင်းကြော်လှော်ပေးသည်။သောက်စရာမှာ ရေတစ်ပုလင်း တစ်ယူရိုပေးရပြီး ဝိုင်နီကိုမူဘူးထဲမှ ကြိုက်သ လောက်ငှဲ့သောက်နိုင်သည်။စားသောက်ပြီးသောအခါ သူတို့ကကျွန်တော့်ကို အခြားနေရာတွေကို လိုက်ပြပေးချင်သော်လည်း ကျွန်တော်ကနောက်တစ်ပတ်ဆက်နေရဦးမည်ပြောတော့ ဟိုတယ်မှာ စကားပြောကြရန် ကိုစန်းမြင့်၊ ကိုမစ်ကီတို့နှင့်အတူ ဝိုင်တစ်ပုလင်းဝယ်ပြီး ဟိုတယ်ပြန်လာခဲ့ကြသည်။ ဟိုတယ်အခန်းမှာ တစ်နာရီခန့်သာစကားပြောချိန်ရပါသည်။သူတို့ကပါရီမြို့စွန်မှာနေသဖြင့် ည ၁၁ နာရီ အမီပြန်ရမည်ဖြစ်သည်။ရထားတွေကည ၁၁ နာရီကျော်လျှင် ပြေးဆွဲခြင်းမပြုတော့ပေ။
ဟိုတယ်ခန်းမှ သူတို့ထွက်သွားတော့မှ ကျန်တဲ့သူတွေ နောက် ၂ ရက်ပြီးရင် ပြန်မည်ဟုစဉ်းစားမိပြီး နောက်တစ်ပတ် ပါရီတွင်တစ်ယောက်တည်း ငေါင်တောင်တောင် ကျန်ခဲ့မည့် အဖြစ်ကိုတွေးရင်း အိပ်ပျော်သွားသည်။

နောက်တစ်နေ့ AFP သတင်းဌာနသို့ သွားကြည့်ပြီးနောက် FranceTelevision ဌာနသို့
ဆက်လက် ထွက်ခွာခဲ့သည်။ France Television ဌာနအဆောက်အအုံမှာ အတော်ပင်
ကြီးမားပြီး အစိုးရပိုင် မီဒီယာဖြစ်ကာ အလုပ်လုပ်နေသူ တစ်သောင်း
ကျော်ရှိသည်ဟု ဌာနမှနိုင်ငံ တကာအစီအစဉ်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Sean
Loup Calazel ကဆိုသည်။France Television သည် အစိုးရပိုင်မီဒီယာဖြစ်
သော်လည်း လွတ်လပ်ခွင့်အပြည့်အဝရှိသည်။ရုပ်သံမီဒီယာဖြစ်သည့် အဓိကလိုင်း
(Channel) ပေါင်း ၅ လိုင်းရှိပြီး France 2, France 3, France 4, France 5
နှင့် France 0 (Oversea) တို့ဖြစ်ကြသည်။ France 0 မှလွဲ၍
ကျန်လိုင်းများစွာ ပြည်တွင်းတွင် ထုတ်လွှင့်ပြီး France 0 မှာ
ပြင်သစ်စကားပြော ကိုလိုနီနိုင်ငံဟောင်းများ (အထူးသဖြင့် အာဖရိကတိုက်)
သို့ထုတ်လွှင့်ပေးနေ သည်။ ဌာနအနေဖြင့် ပြင်သစ်နိုင်ငံနေ လူများ၏
တီဗီလိုင်စင်ကြေးနှင့် ကြော်ငြာများမှ ဝင်ငွေရရှိပြီး တီဗီတစ်လုံးလျှင်
လိုင်စင်ကြေး တစ်နှစ် ၁၂၅ ယူရိုကို အစိုးရသို့ပေးဆောင်ရကာ လိုင်းပေါင်း
၁၉လိုင်း ကြည့်ရှုနိုင် ပေသည်။ အဆိုပါလိုင်စင်ကြေးမှာ
ဥရောပနိုင်ငံများထဲတွင် အနည်းဆုံးကောက်ခံသောနှုန်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်မှစ၍
၁၃၁ ယူရိုအထိ တိုးကောက်ရန်စီစဉ်ထားကြောင်း၊ ဌာန၏ဝင်ငွေမှာတစ်နှစ် လျှင်
ယူရို ၃ ဘီလီယံရှိပြီး သုံးပုံနှစ်ပုံမှာ အခပေးလိုင်းများမှရရှိကာ
ကျန်တစ်ပုံမှာ ကြော်ငြာများမှရရှိ ခြင်းဖြစ်ကြောင်း Mr. Calazel က
ရှင်းပြသည်။
မီဒီယာဌာန၏ ဥက္ကဋ္ဌကို ရွေးကောက်ပုံကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ ယခင်က CSA (Conseille Superior de L'Audiovisuel) မှ ရွေးချယ်သော်လည်း ၂ဝဝ၉ ခုနှစ် သမ္မတဆာကိုဇီ လက်ထက်မှစ၍ သမ္မတမှတိုက်ရိုက်ရွေးချယ်ခဲ့သည်။ သို့ဖြစ်၍ ၂ဝ၁၃ ခုနှစ်မှစ၍ CSA သို့မဟုတ် သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်းပြု/မပြုကို ပါလီမန်အတွင်းဥပဒေပြုဆုံးဖြတ်မည်ဟုသိရသည်။
Le Monde သတင်းစာတိုက်ရောက်တော့ ညနေ ၅ နာရီထိုးနေပြီဖြစ်သည်။Le Monde ဆိုသည် မှာ အင်္ဂလိပ်ဘာသာဖြင့် (The People) ဟု အဓိပ္ပာယ်ရသည်။ အဆောက်အအုံကြီး၏ ဧည့်ကြိုခန်းမတွင် ပထမဆုံး သတင်းစာထုတ်သည့်နှစ် ၁၉၄၄ က ရိုက်နှိပ်ထုတ်ဝေခဲ့သော ပုံနှိပ် စက်ကြီးကိုပြထားသည်။ ကျွန်တော်တို့ကို ကြိုဆိုသည့်သူက သူ့ကိုယ်သူမိတ်ဆက်ပေးသော်လည်း နာမည်မမှတ်မိတော့ပါ။ ကျွန်တော်တို့ ရောက်သည့်အချိန်တွင် သတင်းထောက်များပြန်သွားပြီဖြစ် သည့်အတွက် Website တင်နေသူ ၁ဝ ယောက် ခန့်ကိုသာတွေ့ခဲ့ရသည်။ နေ့စဉ်ထုတ်ညနေပိုင်းသတင်းစာကြီးဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှစ၍ ပျမ်းမျှ နေ့စဉ်စောင်ရေ ၃ သိန်းကျော် ထုတ်ဝေနေသည့် သတင်းစာဖြစ်သည်။ Le Monde သတင်းစာသည် ပြင်သစ်ဘာသာဖြင့်ထုတ်ဝေ သော နာမည်ကြီးသတင်းစာတစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ Le Figaro ပညာတတ်လူတန်းစား ပရိသတ်ကို အဓိကထားထုတ်ဝေခြင်းဖြစ်သည်။
' နေ့စဉ်ထုတ် သတင်းစာအပြင် လစဉ်ထုတ် Le Monde မဂ္ဂဇင်းလည်းရှိပါတယ်။ Website ကိုတော့ နေ့စဉ်ပရိသတ် ၁ သန်းလောက် ဝင်ကြည့်ကြပြီး Update ကိုတော့ မနက် ၆ နာရီနဲ့ ည ၁၁ နာရီ နှစ်ခါ လုပ်ပေးပါတယ်။ Website က အခပေးကြည့် ရတဲ့ Website ပါ။ Le Monde ရဲ့ ဝင်ငွေက တော့ ပုံနှိပ်မီဒီယာက ၆ဝ ရာခိုင်နှုန်းရပြီး Website ကနေ ၄ဝ ရာခိုင်နှုန်းရပါတယ် 'ဟု အဆိုပါပုဂ္ဂိုလ် ကရှင်းပြသည်။
အပြန်တွင် ဟိုတယ်မပြန်ချင်သေးသဖြင့် ဟိုတယ်နှင့်မဝေးလှသော LaoZu တရုတ် စားသောက် ဆိုင်မှာဆင်းနေခဲ့ကြသည်။လောက်ဇူစားသောက် ဆိုင်မှာ ၁၉ လမ်းကတိုက်ခန်းများ လောက်သာ ကျယ်ပြီး အပေါ်ထပ်တွင် ထပ်ခိုးလေးရှိသည်။ပါရီစားသောက်ဆိုင်များတွင်ရှိသော စားပွဲအကျယ် အဝန်းမှာ မြန်မာနိုင်ငံကလက်ဖက်ရည်ဆိုင်စားပွဲ၏ သုံးပုံတစ်ပုံသာရှိပြီး စားရသည်မှာကျဉ်းကျပ် လှသည်။ တစ်ဝိုင်းနှင့်တစ်ဝိုင်းကလည်း ကပ်ရက်၊ သူ့အင်္ကျီနှင့်ကိုယ့်အင်္ကျီ ထိကပ်နေသည့်အထိ နီးကပ်လှသည်။ အမှန်က ဟိုတစ်နေ့ကတည်းက ဒီဆိုင်မှာ စားသုံးရန် လာခဲ့ကြသေးသည်။ သို့သော် စားပွဲအတွက် နောက်တစ်နာရီမှရမည်ဆိုသဖြင့် ပြန်လှည့်ခဲ့ကြခြင်း ဖြစ်သည်။စားသောက်ဆိုင်များ ကျဉ်းသဖြင့် စားပွဲကို တစ်နာရီလောက် ကြိုတင်မှာကြားထားရ လေ့ရှိသည်။ဆိုင်ရှိစားပွဲထိုးများမှာ ပြည်မကြီးမှမဟုတ်ဘဲ ဗီယက်နမ်နွယ်ဖွား တရုတ်မလေး တွေဖြစ်သည်။ အစားအသောက်များမှာ တရုတ်စာဖြစ်၍ ကျွန်တော်တို့ခံတွင်း တွေ့သော်လည်း ဈေးမှာအတန်ငယ်ကြီးသည်ဟုဆိုရပါမည်။ ထမင်းကြော်တစ်ပွဲ၊ တုမ်ယမ်းဟင်းချို ၂ ပွဲ၊ ဘဲပေါင်းတစ်ပွဲ၊ တို့ဖူးဟင်းတစ်ပွဲ၊ ဝက်သားပေါင်းနှင့် ထမင်းလေးလုံးမှာစားရာ ယူရို ၈ဝ ကျော်ကျသင့်သည်။ ဟင်းချိုပန်းကန်လုံးအသေးဖြင့် ထမင်း တစ်လုံးပင် နှစ်ယူရို ကျသင့်နေပြီဖြစ်သည်။
ထမင်းစားပြီးဟိုတယ်ရှိရာသို့ စိန့်ဂျာမိန်းလမ်းမကြီးတစ်လျှောက် လမ်းလျှောက်ပြန်ခဲ့ကြရာ ကဖေးဆိုင် များမှာ လူတွေပြည့်နေကြသည်။ကဖေးဆိုင်လေးများ၏ ပလက်ဖောင်းပေါ်ထွက်နေသော အမိုးများ အောက်တွင် ထိုင်ခုံများချထားပြီး ဘေးပတ်လည်ကို အအေးမဝင်အောင် ပလတ်စတစ် အကြည်စများ ကာထားသည်။အပြင်မှာဘယ်လောက်ချမ်းချမ်း ပလတ်စတစ်ဖယ်ပြီး စားပွဲပေါ်ထိုင် လိုက်လျှင်တော့ အပူဓာတ်ပေးမီးချောင်းများ (Heater Lighting) ထွန်းထားသောကြောင့် နွေးထွေး နေပါသည်။ ကျန်သူများက ဟိုတယ်ပြန်သွားသော်လည်း ကျွန်တော်ကတော့ ပါရီကကဖေး ဆိုင်ထိုင်ဖူးချင်သော ကြောင့် ကော်ဖီတစ်ခွက်ဝင်သောက်လိုက်သည်။ စားပွဲထိုးအမျိုးသမီးက ကော်ဖီ အမည်း တစ်ခွက်နှင့် အညိုရောင်သကြားခဲများ လာချပေးပါသည်။ပြင်သစ်လူမျိုးများသည် ကော်ဖီအပြင်း အတော်သောက် သူများဖြစ်ပါသည်။အကြမ်းပန်းကန်လုံး လောက်သာရှိသောကော်ဖီကို တစ်ဝက်ကုန်အောင်မနည်း သောက်ယူရပါသည်။ရင်တွေတုန်လာသဖြင့် ကျန်တစ်ဝက်ကိုချန်ခဲ့ပြီး တစ်ခွက်လုံးသာသောက်လိုက် လျှင် ညတော့အိပ်ပျော်မည်မဟုတ်ပါ။
ဟိုတယ်ပြန်ရောက်တော့ ဧည့်ကြိုကောင်တာမှ ကျွန်တော်အတွက်အထုပ်တစ်ထုပ် ရောက်နေ ကြောင်းပြောသဖြင့် ဖွင့်ကြည့်လိုက်ရာ ကိုဥာဏ်ဝင်းကလက်ကိုင်ဖုန်း ပေးထားခြင်းဖြစ်ကြောင်းတွေ့ ရသည်။ကျွန်တော်တို့တွင် လက်ကိုင်ဖုန်းများပါသော်လည်းဘာကြောင့်မှန်းမသိ ပါရီတွင်သုံးမရပါ။ ထို့အတွက် လိုအပ်ပါက ဆက်သွယ်နိုင်ရန် ကိုဥာဏ်ဝင်းက ဖုန်းလာပေးထားခြင်းဖြစ်သည်။ဖုန်းရပြီ ဆိုတော့ ဆက်သွယ်ရမည့် ပြင်သစ်မိတ်ဆွေများ၏ ဖုန်းနံပါတ်များကို ကျွန်တော့်အီးမေးလ်ထဲတွင် လိုက်ရှာပြီး စာရင်းပြုစု ထားနေမိသည်။နောက် ၂ ရက်ပြီးတွင် ကျန်သူများမြန်မာနိုင်ငံပြန်တော့မည် ဖြစ်ပြီး ကျွန်တော်တစ် ယောက်တည်းသာကျန်ခဲ့တော့မည်ဖြစ်သဖြင့် ပါရီတွင်ယောင်လည်လည် မဖြစ်စေရန် မိတ်ဆွေ သူငယ်ချင်းများ၏ ဖုန်းနံပါတ်များကို လိုက်မှတ်နေရခြင်းဖြစ်ပါသည်။
သြော် ဘာလိုလိုနဲ့ပါရီရောက်တာ ၅ ရက်ပြည့်သွားပါပြီလား။
(ဆက်ရန်)
ပုံ(၁) ပါရီလမ်းဘေး စာအုပ်ဆိုင်လေး
ပုံ(၂) ပါရီက မဟာကဖေးဆိုင်များ

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၎
ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၎
ပြတိုက်မှပြန်အထွက်တွင် အချိန်စောသေးသဖြင့် စီးကရက်သောက်ရန် ကျွန်တော်နှင့်ဂျော့ လမ်းဘေးခုံတန်းရှည်တစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ ပါရီမြို့ ရှိလမ်းမကြီးများ တွင် အများပြည် သူနားနေရန်အတွက် ခုံတန်းရှည်ကြီးများ ချပေးထားသည်ကိုတွေ့ရသည်။ ခုံတန်းများပေါ်တွင် အနမ်းဖလှယ် နေကြသည့် စုံတွဲများကလည်းမနည်း။ ပါရီမြို့သူမြို့သားတို့၏ ထူးခြားချက်မှာ အမေရိကန်တွေလို သုတ်သီးသုတ်ပျာမနိုင်။ အေးအေးဆေးဆေး သက်သောင့်သက်သာတွေချည်းဖြစ်သည်။ တစ်ခါတစ်ရံ ပြင်သစ် လူမျိုးတွေအလုပ်မှ လုပ်ပါစဟု ထင်မိသည်။

'အလုပ်တော့ လုပ်ပါတယ်ကွာ။ ဒါပေမယ့် အမေရိကားမှာလိုတော့မဟုတ်ဘူး။ ဒီမှာက
အမေရိကား ထက်စာရင် အပြိုင်အဆိုင်နည်းတယ်ကွ'ဟု ဂျော့ကရှင်းပြသည်။
'ဒါထက်စကားမစပ်။ မင်းကပြင်သစ်နိုင်ငံ သားလား'
ထိုသို့မေးရခြင်းမှာ ကျွန်တော်တို့နှင့် မမိတ်ဆက်ကတည်းက သူ့ကိုယ်သူ ဂရိလူမျိုးဟု ပြောထား သဖြင့် ဖြစ်သည်။
'အင်း၊ ငါက နိုင်ငံသား ၃ ခု ခံယူထားတယ်ကွ။ ဂရိရယ်၊ ပြင်သစ်ရယ်၊ ကနေဒါနိုင် ငံသားအဖြစ်ပေါ့ကွာ။ နိုင်ငံကူးလက်မှတ်လည်း ၃ ခုပေါ့'
ထိုင်ခုံတွင် ၁၅ မိနစ်ခန့် ထိုင်စကားပြောပြီး နောက်ထပ်ချိန်းဆိုရာဖြစ်သည့် Mediapart သတင်း စာတိုက်သို့ ထွက်ခဲ့ကြသည်။ တကယ်တော့ Mediapart မှာ ပုံနှိပ် သတင်းစာမဟုတ်ပါ။ သတင်း တွေကိုWebsite ပေါ်များသာဖော်ပြပြီး ဝင်ရောက်ကြည့်လိုသူအနေဖြင့် အခငွေကြေးပေး၍ ဖတ်ရှုရခြင်းဖြစ် သည်။ သူတို့ဆောင်ပုဒ်က Quality Newspaper Without Paper ဟူ၍ဖြစ်သည်။
'ဒီဝက်ဘ်ဆိုက်ကို ၂ဝဝ၈ ခုနှစ်က ကျွန်တော်တို့စတည်ထောင်ခဲ့ပြီး အဓိကကတော့ အတွေး အမြင်(Opinion) နဲ့ စုံစမ်းထောက်လှမ်းသတင်းပုံစံ (Investigative Reparting)တွေ ဖော်ပြထားပါတယ်။ မီဒီယာမှာပါမယ့်အကြောင်းအရာတွေကို လုပ်ငန်းရှင်တွေက ဝင်ရောက်လွှမ်းမိုးတတ်တာကြောင့် ကြော်ငြာလုံးဝ မထည့်ပါဘူး'ဟု တည်ထောင်သူတစ်ဦးဖြစ်သူMr.Edwy Plenel က ရှင်းပြသည်။
Mediapart သည် ၂ဝ၁၁ ခုနှစ်တွင် လစဉ်ဝင်ရောက်ကြည့်ရှုသူ ၆ဝ,ဝဝဝ ခန့်ရှိပြီး အမြတ်ငွေ ယူရို ၅ဝဝ,ဝဝဝ ရရှိခဲ့သည်ဟုသိရသည်။ ဂျာနယ်တွင်ဝင်ရောက် အလုပ်လုပ်နေသူ ဝန်ထမ်း ၆ဝ ကျော် ရှိပြီး တစ်နေ့လျှင် ၃ ကြိမ် ဝက်ဘ်ဆိုက်ပေါ်သို့ သတင်း အသစ်များတင်ပေးနေသည်။
ပြင်သစ်နိုင်ငံတွင် ယခုအခါ ဂျာနယ်ဝယ်ယူဖတ် ရှုသူနည်းပါးလာနေပြီး အင်တာနက်မှတစ်ဆင့် ဖတ်ရှုသူတွေ တိုးပွားလာနေသဖြင့် ပုံနှိပ်စာစောင်များမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ပြင်သစ်လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် မြန်နှုန်းမြင့်အင်တာနက်လိုင်းရှိကြသဖြင့် ရထားစီးချိန်၊ ကားစီးချိန်နှင့် အားလပ်ချိန်များတွင် ဖုန်း၊Tablette များမှတစ်ဆင့် သတင်းဖတ်ရှုနေသည်ကို အမြဲတွေ့ရသည်။Mediapart မှအပြန် အခြားချိန်းဆိုရာနေရာမသွားမီ အချိန် ၂ နာရီခန့်အားလပ်နေသဖြင့် ဘယ်ကိုသွားချင်သလဲဟု ဂျော့ကမေးရာ လုပ်ဗ် (Louvre)ပြတိုက်ဟု အားလုံးကတညီတညွှတ်တည်း ပြောလိုက်ကြသည်။
အထပ် ၅ ထပ်ရှိ(Louvre) ပြတိုက်ဝင်တော့ ကျွန်တော်တို့ဝင်ကြေးပေးစရာမလိုပါ။ မည်သည့်နိုင်ငံမှ သတင်းသမားဖြစ်စေ ကတ်ပြားပြပြီး အခမဲ့ဝင်ရောက်ကြည့်ရှု ခွင့်ပေးထားပါသည်။ ကမ္ဘာကျော် လုပ်ဗ်ပြ တိုက်ကိုရောက်လျှင် ဦးစွာဖန်သားပိရမစ်ကြီးကို တွေ့ရမည်ဖြစ်ပြီး ၁၉၈၁ ခုနှစ် ပြင်သစ် သမ္မတ ဖရောင်ဆွာမီထရောင်းလက်ထက်က တရုတ်အမေရိကန်ကပြား ဗိသုကာပညာရှင် Ieoh Ming Dei က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ပိရမစ်ကြီးထဲဝင်ပြီး မြေအောက်ထဲဆင်းသွားရကာ အောက်ရောက်မှ ဝင်ကြေးပေးရခြင်းဖြစ်သည်။ လက်မှတ်ရောင်းကောင်တာဘေးတွင် အမှတ်တရပစ္စည်းဆိုင်ကြီးများဖွင့်ထားပြီး ပါရီမြေပုံနှင့်တူသည့် ကတ်ပြားတစ်ခုကိုတွေ့သဖြင့် အရောင်း ကျဝန်ထမ်းကို
C'est gratuit pour les touristes?၊ (ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဒါအလကားပေးတာလားခင်ဗျာ)ဟုမေးမိရာ
Rienn'est gratuit Monsieur, Rien n'est gratuit. (ဘာမှအလကားမရဘူး မွန်စီယာ၊ ဘာမှမရဘူး)ဟု ပြန်ပြောသဖြင့် ရှက်မိ သေး သည်။ ကိုယ်ကသွားမေးမိသည်ကိုး။
လုပ်ဗ်ပြတိုက်သို့ ရောက်ရောက်ချင်း ကြည့်ချင်သည့်အရာမှာ နာမည်ကြီးလှသည့် မိုနာလီဇာ ပန်းချီကားဖြစ်သည်။ ပန်းချီကားမှာ Denon ခန်းမတွင်ရှိပြီး လူတွေ များလွန်းသဖြင့် အနားသို့ကပ်၍မရပါ။ ပန်းချီကားကို မှန်ခန်းထဲတွင်ထားသဖြင့် ဓာတ်ပုံတော့ရိုက်လို့ရပါသည်။ ကြားဖူးနားဝပန်းချီကားများကို ကြည့်လိုသော်လည်း ပြတိုက်ကြီးမှာကြီးမားလွန်းသဖြင့် တစ်ပတ်လောက် နေ့စဉ်လာကြည့်လျှင်ပင် အကုန် ကြည့်နိုင်ဖို့မလွယ်ပါ။
သမိုင်းမတင်မီခေတ်မှစ၍ ၁၉ ရာစုနှစ်အထိ ပန်းချီပန်းပုပေါင်း ၃၅,ဝဝဝ နီးပါးပြသထားပြီး အများအားဖြင့် ခရစ်တော်ဝင် ပန်းချီကားများဖြစ်သည်။ ပါရီတွင် ရီနေဆွန်း (Renaissance)ခေတ် ပန်းချီကား များကို (Louvre)တွင် ပြသထားပြီးImpressionism ပန်းချီကားများကို (အော်ဆေးပြတိုက် Le Musee d'Orsay)တွင် ပြထားကာ မော်ဒန်ခေတ်ပေါ်လက်ရာများကို ဂျော့ပွန်ပီဒူး (George Pompidou)ပြတိုက်တွင် ပြသထားပါသည်။ ကျွန်တော်နှစ်သက်မိသောကားမှာ ကွမ်တင်မားတိစ် ရေးဆွဲခဲ့သော 'ငွေတိုးချေး သူနှင့်သူ့ ဇနီး'(Moneylender and his wife)ဟုအမည်ရသည့် ကားဖြစ်ပါသည်။ ပန်းချီ အနုပညာသဘောတရားကို နားလည်၍တော့မဟုတ်ပါ။ သို့ရာတွင် ယောက်ျားဖြစ်သူက ဒင်္ဂါးပြားများကို ချိန်ခွင်တွင် ချိန်တွယ်နေစဉ် မယားဖြစ်သူက အပျိုစင်မေရီပါသည့် ဘုရားစာအုပ်ကို လှန်နေပုံကြောင့်ဖြစ်ပါသည်။ လောဘတရားကို သံဝေဂရနေသည့်ပုံပေါက်နေသည်ဟု စိတ်ထဲစွဲထင်မိပါသည်။ လုပ်ဗ်ပြတိုက်သို့ရောက်ခိုက် ခရစ်တော်ကားစင်တင်ခံရစဉ်က ညာခြေကအပေါ်လား၊ ဘယ်ခြေကအပေါ်လားဆိုသည့် ပဟေဠိကို အဖြေရှာရန် ကြိုးစားခဲ့သေးသော်လည်း ပန်းချီများမှာ အမျိုးမျိုးပုံဖော်ထားသဖြင့် အဖြေမရခဲ့ပါ။ ချိန်းဆိုသည့်အချိန် နီးကပ်လာပြီဖြစ်သဖြင့် ပြတိုက်ထဲတွင် ကော်ဖီနှင့်မုန့်စားပြီး ပြန်ထွက်လာခဲ့ကြသည်။
ယခုသွားမည့်နေရာကConseil Superieur de L'Audiovisuel(CSA) ဟုခေါ်သည့် ရုပ်သံအကြံပေး ဌာနဖြစ်သည်။ သူ့တာဝန်က ရုပ်သံလွှင့်ရာတွင် လူငယ်များကြည့်ရှုရန် သင့်မသင့် PG အဆင့်သတ် မှတ်ပေး ရန်ဖြစ်သည်။ မြန်မာပြည်က ယခင်ရုပ်သံဆင်ဆာဌာနနှင့်တူသော်လည်း အစိုးရစွက်ဖက်မှုကင်းသည့်ဌာန ဖြစ်ပါသည်။
'တီဗွီအစီအစဉ်တွေမှာ ကြော်ငြာလွှင့်ရင် ၁ နာရီကို အများဆုံး ၁၂ မိနစ်ပဲ ကြော်ငြာထည့်ခွင့်ပြုပါတယ်။ ည ၈ နာရီနောက်ပိုင်း အစီအစဉ်တွေကတော့ ကြော်ငြာ ထည့်ခွင့်မပြုတော့ပါဘူး။ ကြည့်ရှုသူအနေနဲ့ အစီအစဉ်ကောင်းတုန်း ကြော်ငြာလာရင် စိတ်ပျက်ကြတယ်'ဟုCSA မှတာဝန်ရှိပုဂ္ဂိုလ် Mr.Gil Moureaux ကရှင်းပြသည်။
ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ထို့အတူပင်မဟုတ်ပါလား။ ကိုရီးယားကားကောင်းခန်းရောက်တုန်း ကြော်ငြာလာလျှင် လုပ်စရာရှိသွားလုပ်ကြသောသူများကို ကျွန်တော်မြင်ဖူးသည်။ သူတို့မှာ အလုပ်နားချိန် ညပိုင်းလေးအပန်းဖြေစဉ် ကြော်ငြာတွေခဏခဏလာသဖြင့် အချိန်အတော်ကုန်သည်။ (မကြာသေးမီကမူ မြန်မာ့ရုပ်မြင်သံကြားမှ သတင်းများကို ယခင်လို အကြာကြီးမဟုတ်ဘဲ အချိန်ပိုင်းများဖြင့် ထုတ်လွှင့်သွား မည်ဟု ကြေညာချက်ထွက်လာသဖြင့် ကျေးဇူးတင်မိသည်။ အဲဒီလိုကြော်ငြာတွေကိုလည်း သတ်မှတ်ချိန် နောက်ပိုင်း ခွင့်မပြုလျှင်ကောင်းမည်ဟု ထင်မိပါသည်)
ပြင်သစ်နိုင်ငံတွင် ထုတ်လွှင့်သော ကေဘယ်တီဗွီလိုင်း ၁ဝဝ ကျော်ခန့် အစီအစဉ်များကို နေ့စဉ်စောင့်ကြည့်နေပြီး ၃ဝဝ ရှိသည့်ဌာနဖြစ်သည်။ CSA ၏ဘက်ဂျက်ကို အစိုးရက လွှတ်တော်၏ ခွင့်ပြုချက်ဖြင့်ချပေးပြီး ယမန်နှစ် ၂ဝ၁၁ ကဆိုလျှင် ယူရို ၃၈ သန်း ဘက်ဂျက်ချပေးသည်ဟု သိရသည်။ ပြင်သစ်နိုင်ငံရှိ မဂ္ဂဇင်း၊ ဂျာနယ်များ ရောင်းရငွေသည် တစ်နှစ်လျှင် ယူရို ၁ဝ ဘီလီယံမျှရှိပြီး ၁ဝ ရာခိုင်နှုန်းဖြစ်သော ယူရို ၁ ဘီလီယံကို အစိုးရက ထောက်ပံ့ပေးနေသည်။ ယခုအခါတွင် အွန်လိုင်း များခေတ်စားလာပြီး ကြော်ငြာရှင်များက ပုံနှိပ်မီဒီယာများတွင် ကြော်ငြာထည့်သွင်းမှုများ နည်းလာသဖြင့် အစိုးရက ထိုသို့ကျားကန်ပေးခြင်းဖြစ်သည်။ သတင်းစာဖတ်သူ ဦးရေမှာ လူဦးရေ သုံးပုံတစ်ပုံခန့်ရှိပြီး ပင်ရင်းအများစုမှာ ဖက်ရှင်မဂ္ဂဇင်းများမှရခြင်း ဖြစ်သည်။
ဟိုတယ်ပြန်ရောက်တော့ ညနေ ၅ နာရီကျော် ခါစရှိသေးသော်လည်း ဆောင်းဝင်လာပြီဖြစ်သဖြင့် အတော်မှောင်နေပြီး ဟိုတယ်ကဧည့်ကြိုဌာနတွင် အီး မေးလ်မှတစ်ဆင့် ထားသော မြန်မာမိတ်ဆွေ ၃ ဦးက ကိုဖိုးလမင်းတို့အဖွဲ့လားဟု လာမေးသည်။ ကိုမစ်ကီ၊ ကိုစန်းမြင့်နှင့် ကိုဥာဏ်ဝင်းဆိုသူတို့ဖြစ် ကြပြီး ကျွန်တော့်အစ်မသူငယ်ချင်းဖြစ်သူ ကိုဥာဏ်ဝင်းနှင့်မှာ မကြာခဏဆုံဖူးသော်လည်း သေချာစကား မပြောဖူးပါ။ သူတို့က ကျွန်တော်တို့ကို ညစာကျွေး ချင်သော်လည်း ကျန်သူများကမလိုက်လိုတော့ကြောင်း ပြောသဖြင့် ကျွန်တော်တစ်ယောက်တည်း သူတို့နှင့်လိုက်ခဲ့သည်။ မက်ထရိုဘူတာထဲအဆင်းတွင် ကိုဥာဏ်ဝင်းက Metro စီးနည်းကို သင်ကြားပေးနေသဖြင့် တစ်ခါမှ မစီးဖူးသောကျွန်တော့်မှာ အတော်ပင်ခေါင်းရှုပ်နေသည်။ ပါရီတွင် Metro ရထားလိုင်းပေါ် ၁၄ လိုင်းနှင့်RER ခေါ် (Reseau Express Regional လိုင်း ၅ လိုင်း နေ့စဉ်ပြေးဆွဲပေးနေပြီး Tram ဟုခေါ်သော မြေပေါ်ဓာတ်ရထားလိုင်းလည်း ရှိသေးသည်။ ပါရီရထားလမ်း မြေပုံ သည် မည်မျှရှုပ်ယှက်ခတ်နေသ နည်းဟု မေးလာခဲ့သော် ဆားကစ်ပြားတစ်ခု၏မျက်နှာပြင်ကို မြင်အောင်ကြည့် ပါတော့ဟုသာ အဖြေပေးရလိမ့်မည်။ နှစ်ပေါင်းရာကျော်က ဆောက်လုပ်ခဲ့သော မြေအောက်ရထားလမ်းများကို ခေတ်နှင့်အညီ တဖြည်းဖြည်းစီမံခန့်ခွဲလာပုံမှာ အားကျအတုယူဖို့ ကောင်းပါသည်။ Metro လက်မှတ်ခမှာ တစ်ဦးလျှင် ၁.၂ဝ ယူရိုကျသင့်ပြီး တစ်ပတ်စာလုပ်ထားလျှင် တစ်ပတ်အတွင်း ကြိုက်သ လောက် စီးလို့ရသည်။RZR စီးမည်ဆိုလျှင်တော့ သတ်မှတ်ဇုန်အတိုင်း ထပ်ဝယ်ရသည်။ Metro နှင့် RZR ကွာခြားချက်မှာ Metro က ဘူတာစဉ်များပြီး RZR ကမူ ဘူတာတစ်ခုနှင့်တစ်ခု အဝေးကြီးဖြစ်ကာ မြို့အစွန်အဖျားထိရောက်သည်။ ကျွန်တော်ကမူ မြို့တွင်း၌ပင်လည်မည်ဖြစ်သဖြင့် တစ်ပတ်စာလက်မှတ်ကို ၁၃ ယူရိုနှင့်ဝယ်ခဲ့သည်။
(ဆက်ရန်)
ပုံ။ moneylender and his wife

ပါရီ သို့မဟုတ် အလင်းမြို့တော် - ၃
ပါရီ သို့မဟုတ် အလင်းမြို့တော် - ၃
ကျွန်တော်တို့ခရီးစဉ်ကိုစီစဉ်ရသည့် မစ္စတာဂျူလက်မှာပညာရှင်ဆန်သောရုပ်ရည်ရှိပြီး စီးကရက် လည်းအတော်သောက်သူဖြစ်ပါသည်။တစ်နေရာကထွက်တိုင်းအနည်းဆုံး ၂ လိပ်ခန့်သောက်တတ်ပါသည်။ အင်္ဂလိပ်စကားအနည်းငယ်သာပြောတတ်သော်လည်း သူသိထားသမျှကိုရှင်းပြလိုစိတ်ပြင်းပြသူ ဖြစ်သည်။
အီဖယ်မျှော်စင်အနီးရှိ Beateaux Mouches ဟုခေါ်သော မြစ်တွင်းသင်္ဘောစီးရမည့် နေရာကို ကျွန် တော်တို့ရောက်ရှိတော့ သင်္ဘောကြီးကထွက်တော့မည်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုရင် စန်းမြစ်အတွင်း နေ့လယ်စာ သို့မဟုတ် ညနေစာစားဖို့ သင်္ဘောပေါ်သို့ ဂျင်းဘောင်းဘီ၊ဝါ့ကင်းရှူးတွေဖြင့်တက် ရောက်ခွင့်မရှိပါ။ သို့ရာတွင် ဂျော့နှင့် ဂျူလတ်တို့က ဘယ်လိုပြောလိုက်သည်မသိ၊ဂျင်းဘောင်းဘီနှင့်ဝါ့ကင်းရှုးဝတ်ထားသော ကျွန်တော်နှင့်ကိုပီတာလည်းတက်ရောက်ခွင့်ရခဲ့ပါသည်။သင်္ဘောဦးရှိကြိုတင်မှာထားသော စားပွဲကြီးတွင်ထိုင်ပြီးမကြာမီပင်သင်္ဘောကစန်းမြစ်အတွင်းစတင်ထွက်ခွာခဲ့ပြီးဖြစ်သည်။မြစ်အတွင်း Beateaux Parisiens ကုမ္ပဏီပိုင်သင်္ဘောငါးစင်းရှိပြီး ကျွန်တော်တို့စီးလာသည့် ONYX အမည်ရှိသင်္ဘောသည် အကြီးဆုံးဖြစ်သည်။ အကျယ် ၂၅ ခန့်ရှိပြီး အရှည်မှာမူ ပေ၁ဝဝ ကျော်ရှိမည် ထင်ပါသည်။

' ကြိုက်တာမှာစားပါ။ ဌာနကဧည့်ခံတာဖြစ်ပါတယ်။ ကောင်းတဲ့ဟင်းတွေကိုတော့
အကြံပေးပါရစေ 'ဟု ဂျူလက်ကပြောသဖြင့် သူပြောသည့်ဟင်းများကိုပင်
ရွေးလိုက်ကြသည်။ ပြင်သစ်ရှိ စားသောက်ဆိုင်များတွင် နေ့လယ်စာ(သို့)
ညစာစားသည့်အခါ မပါမဖြစ်သောက်စရာအမျိုးမှာ ဝိုင်ဖြစ်ပါသည်။
ပြင်သစ်လူမျိုးများသည် ဝိုင်အလွန်ကြိုက်သူများဖြစ်ပြီး
ကောင်းလည်းကောင်းသည့် ဝိုင်များဖြစ်ပါသည်။သင်္ဘောကြီးသည် တတိယ
မြောက်အလက်ဇန်းဒြားတံတား၊နော်တာဒိမ်းဘုရားရှိခိုးကျောင်းတို့ကိုကျော်ဖြတ်ပြီး
ပြင်သစ်အမျိုးသား စာကြည့်တိုက် လေဘာတီရုပ်တု အလွန်တွင်
ပြန်ကွေ့ကာခရီးစဉ်အဆုံးသတ်ပါသည်။အချိန် ၂ နာရီခန့်ရှိမည့် ခရီးစဉ်အတွင်း
မြစ်ဘေးမှသမိုင်းဝင်အဆောက်အအုံများအကြောင်း
အသံချဲ့စက်မှတစ်ဆင့်ရှင်းပြကြသည်။ စန်းးမြစ်ကို ဖြတ်တောက်ထားသော
တံတားပေါင်း ၃ဝ ခန့်ရှိပြီး တတိယမြောက်အလက်ဇန်ဒြားတံတားမှာ
အလှပဆုံးဖြစ်သည်ဟု ဂျူလက်ကဆိုသည်။
ပြင်သစ်အမျိုးသားစာကြည့်တိုက်၏ ဗိသုကာလက်ရာမှာစာအုပ်စင်ပုံစံတွေအတိုင်းတည်ဆောက် ထားခြင်းဖြစ်သဖြင့် မျက်စိထဲတွင် တစ်မျိုးထူးခြားနေသည်။စာကြည့်တိုက်အောက်ရှိ စန်းမြစ်အတွင်းမှာတော့ ရပ်နားထားသော မော်တော်ကြီးများကိုတွေ့ရသည်။
' ပါရီက အိမ်ခြံမြေဈေးသိပ်ကြီးတော့ ဘယ်နိုင်ငံကသူတွေက ဒီမော်တော်တွေပေါ်မှာပဲ အိမ်လုပ်နေ ကြရတ် 'ဟု ဂျော့ကပြောပြသည်။
သင်္ဘောခရီးစဉ်ပြီးဆုံးပြီးနောက် ကျွန်တော်တို့တတွေနောက်တစ်နေရာဖြစ်သည့်CFIကိုသွားကြ သည်။ CFI ဆိုသည်မှာ Canal France Internationale ဖြစ်ပြီး မည်သည့်နိုင်ငံကမီဒီယာများကိုမဆို မီဒီယာအစီ အစဉ်နှင့်ပတ်သက်၍ သင်တန်းအကူအညီတောင်းခံလာပါက နည်းပညာအကူအညီပေးနေသောအဖွဲ့ဖြစ်သည်။ ဥရောပနှင့်နိုင်ငံခြားတရားရေးဝန်ကြီးဌာနကထောက်ပံ့ပေးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ထုတ်လွှင့် နေသော SkyNet ရုပ်သံလိုင်းကိုလည်း နည်းပညာအကူအညီပေးနေသောအဖွဲ့ဖြစ်သည်ဟုသိရသည်။ညနေ ၄ နာရီခွဲ CFI ရုံးခန်းအဆောက်အအုံမှထွက်တော့ အပြင်ဘက်မှာလူတွေအများကြီးတွေ့ရသဖြင့် ရုပ်ရှင်ရုံလက်မှတ်တန်းစီနေသည်ဟုထင်မိသဖြင့် ဂျော့ကိုမေးကြည့်မိသည်။
' မဟုတ်ပါဘူး၊ အဲဒီအချိန်က ရုံး breaktime လေ၊ ဒါကြောင့် လူတွေ ဆေးလိပ်ထွက် သောက် နေကြတာပေါ့ '
ပြင်သစ်တို့သည် တရုတ်နှင့်ဂျပန်ပြီးလျှင် ဆေးလိပ်အသောက်ဆုံးလူမျိုးဖြစ်သည်ဟုပြောရမည် လားမသိ။ အခြားမကြည့်ပါနှင့်။ဂျူလက်နှင့်ဂျော့သည်ပင် အတော်သောက်သူများဖြစ်သည်။
အထင်ကရ ရုပ်သံလိုင်းဖြစ်သည့် TV5 MONDEကို ရောက်သေးသော်လည်း ကျွန်တော်တို့ကြာကြာ မနေကြပါ။နောက်တစ်နေရာဝင်စရာရှိသေးသည်။လေယာဉ်ပေါ်တွင် တစ်ညအိပ်ရေးပျက်ခဲ့ရသဖြင့် ကျွန်တော်တို့တစ်တွေ မျက်လုံးတွေငိုက်စင်းနေကြပြီး 20 Minutes ဂျာနယ်တိုက်ရောက်တော့ ညနေ ၆ နာရီ ထိုးနေပြီဖြစ်သည်။20 Minutes သတင်းစာက နေ့စဉ်ထုတ်သတင်းစာဖြစ်ပြီး စာမျက်နှာ ၃၂ မျက်နှာ ခန့်ရှိသည့် ဆိုက်သေးသတင်းစာလေးဖြစ်သည်။တစ်ခုရှိသည်က မည်သည့်သတင်းစာအရောင်းဆိုင်မှာမဆို အခမဲ့တောင်းယူ၍ရသည့် သတင်းစာဖြစ်သည်။ကြော်ငြာကရသည့် ဝင်ငွေဖြင့်အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး အလုပ်၊ ကျောင်းသို့သွားချိန် မိနစ် ၂ဝ ခန့်အတွင်း အပြီးဖတ်နိုင်သည့်သတင်းစာဖြစ်သည်။မိနစ် ၂ဝ အတွင်း ဖတ်ရမှာမို့ တန်သည်။ သတင်းတွေက လိုရင်းဖော်ပြပေးသည့် သတင်းတိုတွေဖြစ်သည်။ သူကလည်း တစ်နေ့စောင်ရေ လေးသိန်းရှိသည့် သတင်းစာဖြစ်သည်။
ဟိုတယ်ပြန်ရောက်တော့ ညစာကို ဘယ်သူမှအပြင်ထွက်မစားနိုင်ကြတော့၊ ကျွန်တော်တို့အလွန်ပင် ပန်းနေပြီဖြစ်သဖြင့် ဟိုတယ်ဘေးကထမင်းဆိုင်မှ အစားအသောက်ဝယ်ပြီး ကိုယ့်အခန်းထဲသို့ဝင်ခဲ့ကြ လေသည်။
မနေ့က စောစောအိပ်လိုက်ရသဖြင့် လူကလန်းလန်းဆန်းဆန်း ဖြစ်နေသည်။ နံနက်စာဟိုတယ် တွင် စားပြီးသော်လည်း ဂျော့ရောက်လာသေးစဖြင့် အခန်းထဲ ခဏပြန်ဝင်ပြီး အင်တာနက်သုံးရင်း ကွန်ပျူတာဖွင့်လိုက်သည်။ တစ်ခုက ပြင်သစ်နိုင်ငံရှိ ကျွန်တော်နှင့် သိကျွမ်းသော ပြင်သစ်ဂျာနယ်လစ်များထံမှ ပြန်စာရောက်မရောက် စစ်လိုခြင်းဖြစ်ပြီး နောက်အချက်မှာ ပြင်သစ်နိုင်ငံတွင် နေထိုင်သော မြန်မာများနှင့် ဆက်သွယ်ရန်ဖြစ်သည်။ ရန်ကုန်မှာရှိက တည်းက ကျွန်တော်ပြင်သစ်နိုင်ငံသို့ အလည် လာရောက် မည်ဖြစ်ကြောင်း မိတ်ဆွေများကို ကြိုတင်အကြောင်းကြားထားခြင်းဖြစ်ပြီး တွေ့နိုင်ခြင်းရှိ မရှိ လှမ်းမေး ထားခြင်းဖြစ်သည်။ ထို့ပြင် ကိုမျိုးမင်းထိုက် (အယ်ဒီတာချုပ်၊Venus ဂျာနယ်)က ကျွန်တော် ပြင်သစ်ရောက်လျှင် ဆက်သွယ်နိုင်ရန် မြန်မာများ၏ အီးမေးလ်လိပ်စာကိုပေးလိုက်သဖြင့် သူတို့ဆီ ဆက်သွယ်ရန်ဖြစ်သည်။ ပြင်သစ်ရှိ မိတ်ဆွေအချို့ထံမှ သူတို့ထံ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို အီးမေးလ် ဖြင့် ပို့ထားသည်ကိုတွေ့ရပြီး မြန်မာလူမျိုးများထံ အီးမေးလ်ပို့လိုက်သည်။ ပို့ပြီး ကွန်ပျူတာပိတ် နေဆဲ အခန်းထဲက ဖုန်းကလာကိုပီတာက သော့ရောက်လာပြီဖြစ်ကြောင်း အသိပေးလာသည်။
ကျွန်တော်တို့ ဒီမနက်သွားရမည့် နေရာက မီဒီယာမဟုတ်ပါ။GUIMET ပြတိုက်သို့ဖြစ်သည်။ ပြင်သစ်တွင် ပြတိုက်အတော်များများရှိပြီး ယနေ့သွားသည့် ပြတိုက်များမှာ အင်္ဂါနေ့တိုင်းပိတ်သဖြင့် လာရောက် ကြည့်ရှုသူများ မရှိပါ။ ကျွန်တော်တို့တွေကိုသာ ကြည့်ခွင့်ပေးထားခြင်းဖြစ်သည်။
ဂီးမေးပြတိုက်သည် အာရှတိုက်အပြင်ရှိ နိုင်ငံ များထဲတွင် အာရှလက်ရာအများအပြားရှိသော ပြတိုက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်နေသည်။ ပြတိုက်တည်ဆောက် သူမှာ စက်မှုလုပ်ငန်း ရှင်တစ်ဦး ဖြစ်သည့် Emile Etienne Guimet ဆိုသူဖြစ်သည်။ အစက ပြတိုက်ကို လီယွန်(Lyon) တွင် ၁၈၇၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် အစိုးရထံလွဲပြောင်းပေးလိုက်တော့ ပါရီကိုရွှေ့ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့က အနုပညာလက်ရာနှင့် ရှေးဟောင်းပစ္စည်းများအများအပြားတွေ့ ရပြီး မြန်မာနိုင်ငံ၏ ပရပိုက်အချို့နှင့် ရှေးဟောင်းတံပိုးတစ်မျိုးသာ တွေ့ခဲ့ရပါသည်။ ပုံပေါ်ရှိ အက္ခရာများကို ကြိုးစားဖတ်သော်လည်း 'နမော'ဆိုသည့်စကားလုံးကိုသာ ကျွန်တော်တို့ဖတ်နိုင်ပါသည်။
(ဆက်ရန်)
(ပုံ ၁ ။စန်းမြစ်အတွင်းမှတွေ့ရသော ပြင်သစ်အမျိုးသားစာကြည့်တိုက်)
(ပုံ ၂ ၊ 20 Minutes ဂျာနယ်)

ပါရီ သို့မဟုတ် အလင်းမြို့တော် - ၂
ပါရီ သို့မဟုတ် အလင်းမြို့တော် - ၂
ယာဉ်မောင်းကကျွန်တော်တို့တည်းခိုရမည့် ကာရေးဟိုတယ် (Hotel Cayre) ကိုလိုက်ပို့ပြီး နောက်နေ့နံနက် ၉ နာရီ လာခေါ်မည်ဖြစ်ကြောင်းပြောနေတုန်း ကျွန်တော်တို့ထက် တစ်ရက်ကြိုထွက်သွားသည့် AFP သတင်းဌာနမှ မလှလှဌေး ရောက်လာပါသည်။သူကမြို့ထဲသွားလည်မည် လိုက်ကြမည်လားဟုမေးသဖြင့် ကျွန်တော်တို့လည်း လေယာဉ်ပေါ်တွင် ကောင်းကောင်းမအိပ်ခဲ့ရသော်ငြားလည်း ပါရီကို ရောက်ရောက်ချင်း လည်ပတ်ချင်သဖြင့် ခရီးဆောင်အိတ်များထား၊ရေချိုးပြီးလျှင် ပြန်ဆင်းလာမည်ဖြစ် ကြောင်း ပြန်ပြောလိုက်ပါသည်။
ကျွန်တော်တို့တည်းခိုမည့်ဟိုတယ်မှာ ပါရီမြို့တော်လမ်းမကြီးတစ်ခုဖြစ်သည့် စိန့်ဂျာမိန်း လမ်းမအနီး ရက်စပဲ (Boulevard Raspail)လမ်းပေါ်တွင် တည်ရှိ ပြီး မက်ထရို(Metro)၊ဘတ်စ်ကား ဂိတ်တို့နှင့်နီးပါသည်။ ဟိုတယ်ကို ၁၉၁၅ခုနှစ်ကတည်ဆောက်ခဲ့ပြီး ကြယ်လေးပွင့်အဆင့်ရှိကာ ကျွန်တော် တို့အတွက်တစ်ခန်းလျှင် တစ်ည ယူရို ၃၉ဝ (မြန်မာငွေ လေးသိန်းကျော်ခန့်)ကျသင့်သဖြင့် ဈေးကြီးသည်ဟုဆိုနိုင်ပါသည်။
ခရီးပန်းလာသော်လည်း ရေနွေးနှင့် ရေချိုးလိုက်ရသဖြင့် အတော်လန်းဆန်းသွားပြီး လျှောက်လည်ရန် အောက်သို့ဆင်းလာခဲ့ကြသည်။ထုံးစံအတိုင်းတစ်ရက်ကြိုရောက်နေသည့်မလှလှဌေးကိုပင် ဆရာတင်ရပါတော့သည်။ သူက အီဖယ်လ်မျှော်စင်သို့ သွားလည်ရန် အဆိုပြုသဖြင့် ဟိုတယ်အနီးမှ အမှတ် ၆၉ ဘတ်စ် ကားကို စီးခဲ့ကြသည်။ ကားဂိတ်ဆုံးရောက်တော့ ကမ္ဘာကျော်အီဖယ်လ်မျှော်စင်အနီးသို့ ရောက်ရှိလာပြီဖြစ်သည်။ ၁၈၈၉ ခုနှစ်က စတင်တည်ဆောက်ခဲ့သော အီဖယ်လ်မျှော်စင်ကြီးမှာ ပေ ၁ဝ၆၃ ပေမြင့်ပြီး တည်ဆောက်သူ အင်ဂျင်နီယာ Gustave Eiffel ကို ဂုဏ်ပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ အီဖယ်လ် မျှော်စင်နားရှိ နိုင်ငံကိုယ်စားပြုအရုပ်များရှေ့တွင် ကျွန်တော်တို့ တစ်သိုက် ဓာတ်ပုံရိုက်နေဆဲ လူစုကွဲ သွားကြသဖြင့် ကျွန်တော့်မှာ ယောင်လည်လည်ဖြစ်နေတော့သည်။ အတန်ကြာရှာသော်လည်း မတွေ့သဖြင့် တစ်ယောက်တည်း မျှော်စင်ပေါ်တက်ရန် ဝင်ကြေးပေးရမည့်နေရာသို့ လျှောက်လာခဲ့သည်။
တနင်္ဂနွေနေ့ ဖြစ်၍လားမသိ။ လူတွေက ပြည့်ကျပ်နေသည်။ လာကြသူတွေကလည်း နိုင်ငံအစုံဖြစ်ပြီး အာရှတိုက်သားများထဲတွင် ကိုရီးယားနိုင်ငံသားများဖြစ်ကြောင်း သတိပြုမိသည်။ တစ်ဦးလျှင် ဒုတိယထပ်ထိ ၉ ယူရို (ထိပ်ဆုံးတက်လျှင် ၁၂ ယူရိုဟု ထင်ပါသည်)ကျသင့်ပြီး လှေကားများတက်လာခဲ့ရာ ပထမထပ် သို့အရောက်တွင် စားသောက်ခန်းများ၌ လူတွေစည်ကားနေသည်ကို တွေ့ရသည်။ အီဖယ်လ် မျှော်စင်၏ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် စားသောက်ဆိုင်များရှိပြီး မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများမှလွဲ၍ လှေကားကတက်ရောက်ကြသည်။ ထိပ်ဆုံးထိ တက်မည်ဆိုလျှင်တော့ ဓာတ်လှေကားဖြင့် တက်ရသည်။
မျှော်စင်ပေါ်မှ ဆင်းလာပြီးနောက် ဟိုတယ်ပြန်ရန် အမှတ် ၆၉ ဘတ်စ်ကားစီးရန် မှတ်တိုင် သို့လာခဲ့သည်။ ကားမှတ်တိုင်များတွင် ရထားလမ်း၊ ကား လမ်း မြေပုံ တို့အားပေးသဖြင့် သွားရေးလာရေးလွယ်ကူလှသည်။ ထို့ပြင် ကားများတွင် GPS တပ်ဆင်ထား သဖြင့် မိမိစောင့်နေသည့်မှတ်တိုင်သို့ မည်သည့်မိနစ် အတွင်း မည်သည့်ယာဉ်လိုင်း ရောက်လာမည်ကို ဖော်ပြပေးနေသဖြင့် အချိန်ကို တွက်ဆလို့ရသည်။ တစ်ခုရှိသည်မှာ မိမိသွားလိုသည့်ဘက် အဆုံးမှတ်တိုင်ကို သာ သိဖို့လိုသည်။
ဟိုတယ်ပြန်ရောက်ပြီး ဧည့်ကြိုဌာနကို ကျွန်တော့်မိတ်ဆွေများ ပြန်ရောက်၊ မရောက် မေးကြည့်ရာ မရောက်သေးသဖြင့် ဟိုတယ်နှင့် အနီးဆုံးဖြစ်သည့် အော်ဆေး (Musee d'orsay)ဘက်သို့ မြေပုံကြည့်ပြီး လမ်းလျှောက်ထွက်ခဲ့သည်။ ပါရီတွင် ရန်ကုန်ရှိMediaCorner များကဲ့သို့ ဂျာ နယ်မဂ္ဂဇင်း အရောင်းဆိုင်လေးများကိုလမ်းဆုံတိုင်းလိုလိုတွင်တွေ့ရပြီး ပါရီမြို့မြေပုံကို အခမဲ့ တောင်းယူနိုင်ပေသည်။ ပါရီရှိ အဆောက်အအုံအများအပြားမှာ ရှေးဟောင်းတိုက်များဖြစ်သော်လည်း သနပ်ခါးရောင်ဆေးများ ကို တညီတညာတည်း သုတ်ထားသဖြင့် လှပသန့်ရှင်းနေသည်။
အချို့နိုင်ငံရှိ အဆောက်အအုံများမှာ အဟောင်းကိုဆေးသုတ်ထားသဖြင့် အဘွားကြီးအို မိတ်ကပ် လိမ်းထားသလို ဖြစ်နေတတ်သော်လည်း ပါရီမှာ ကျွန်တော့်အတွက် ဣနြေ္ဒကြီးသည့် ခေတ်မီမီ အမျိုး သမီးကြီးနှင့်တူသည်ဟု ခံစားရသည်။
အော်ဆေးပြတိုက်သို့ ဝင်ရောက်ရန် လူအများအပြားတန်းစီးနေသည်ကိုမြင်ရပြီး ကျွန်တော် နောင်မှလာရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ရုတ်တရက် စိတ်ပြောင်းသွားရခြင်းမှာ ပြတိုက်အနီးရှိ သီချင်းဆိုတီးမှုတ်နေသူတွေကြောင့် ဖြစ်သည်။ ဂီတာ၊ အကော်ဒီယံ၊ ဘေ့စ်တယော၊ ဆက်ဆိုဖုန်း တီးမှုတ်နေသူများနှင့် သီချင်းဆိုနေ သော အမျိုးသမီးတစ်ဦးပါဝင်သောအဖွဲ့ကို ပြတိုက်လှေကားမှ ထိုင်ကြည့်နေသူများတွေ့ရသည်။ သူတို့သီဆို တီးမှုတ်နေသော ဂီတမှာ ဂျပ်ဇ်ဂီတအမျိုးအစားဖြစ်ပြီး သူတို့ ရှေ့တွင် အလှူငွေထည့်ဝင်ရန် ဦးထုပ်တစ်လုံးကို လှန်လျက်ချထားသည်။ အလှူငွေထည့်ရင်း ဘေးမှာ ကတ်ပြားများချထားသည်ကိုတွေ့၍ ယူဖတ်ကြည့်ရာ တစ်ဦးချင်း၏ ကိုယ်ရေးအကျဉ်း၊ Twitter ဖေ့စ်ဘုတ်၊ အီးမေးလ်လိပ်စာ၊ ဝက်ဘ်ဆိုက်တို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။
ပါရီသည် အနုပညာသည်များကို မွေးဖွားပေးသည့် မြို့ဟု သံသယရှိစရာမလိုပါ။ ပါရီမြို့သူ မြို့သားများသည် မိမိတို့ အိမ်ခန်းကို တတ်နိုင်သလောက် အနုပညာဆန်ဆန် ပြင်ဆင်တတ်သူများဖြစ်သည်။ ဝရန်တာလေးများတွင် စိုက်ထားသော ပန်းလှလှလေးများ၊ ဇာခန်းဆီးများမှာ ပြင်သစ်ပုံစံ ပြတင်းပေါက်နှင့် ကြည့်ရသည်မှာ ကြည်နူး စရာကောင်းလှသည်။
နောက်တစ်နေ့ နံနက် ဟိုတယ်တွင် နံနက်စာ စားသောက်ပြီးနောက် မကြာမီ ယမန်နေ့က ကားနှင့် စကားပြန်ဆိုသူတစ်ဦးပါ ပါလာသည်။ သူက သူ့အမည်မှာGeogios Tsaklidis ဖြစ်ကြောင်း၊ ဂျော့ဟုခေါ် နိုင်ကြောင်းနှင့် ယခုနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ကြမည်ဖြစ်ကြောင်း အင်္ဂလိပ်လိုပြောပြသည်။ အသက် ၅ဝ ခန့်အရွယ်ရှိသော ဂျော့မှာ အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင် သူဖြစ်ပြီး မျက်နှာအလွန်ချိုသူတစ်ဦးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ Quai d'Orsay လမ်းတွင် တည်ရှိပြီး အမှတ် ၇ ဒီစတြိတ် ( 7Arrondissement)ထဲတွင် ရှိသည်။ အဆောက်အအုံထဲဝင်တော့ ကျွန်တော်တို့ ပတ်စပို့တွေအပ်ခဲ့ရပြီး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ စာနယ်ဇင်းဌာန လက်ထောက်ညွှန်ကြား ရေးမှူးလည်းဖြစ်သူ Mr.Alexandre Giorgini နှင့် စာနယ်ဇင်းသမားများ ဖိတ်ကြားရေးတာဝန်ခံ Mr.Charles Phillips Dulac တို့က ကြိုဆိုကြသည်။
' ပြင်သစ်နိုင်ငံအနေနဲ့ စာနယ်ဇင်းသမားများ ဖိတ်ကြားရေးအစီအစဉ်ကို ၁၉၉ဝ ခုနှစ်များ လောက်ကစပြုလုပ်ခဲ့ပြီး တစ်နှစ်ကို နိုင်ငံပေါင်း ၅ဝ ကျော်ကနေ စာနယ်ဇင်း ဆရာ ၂ဝဝ လောက် ဖိတ်ကြား ခဲ့ပြီးဖြစ်ပါတယ်။ အခုအခါ အစိုးရအနေနဲ့ အာရှဒေသဘက်ကို စိတ်ဝင်စားလာပြီး ဥရောပသမဂ္ဂနဲ့ ပြင်သစ်တို့ရဲ့ အဖွဲ့ အစည်းတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိစေလိုလို့ ဖိတ်လိုက်ရတာဖြစ်ပါတယ် ' ဟု မစ္စတာဖိ လစ်ကရှင်းပြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် Communication Department တွင် လုပ်ကိုင်နေသူ ၁ဝဝ ကျော်ရှိပြီး ဂျာနယ်လစ်များ၏ မေးခွန်းများကို သုံးပတ်လျှင်တစ်ကြိမ် အီးမေးလ်ဖြင့် ဖြေကြားပေးနေကာ နေ့စဉ်အခြေအနေပေါ်မူတည်၍ ဂျာနယ်လစ် ၂ဝ ခန့်၏ မေးခွန်းများကိုလည်း ဖြေရလေ့ရှိကြောင်းသိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှအပြန် တွေ့ရမည့်သူမှာ Mr.Richard Malka ဆိုသူ စာနယ်ဇင်းအခွင့် အရေးကျွမ်းကျင်သူ ရှေ့နေဖြစ်ပါသည်။ သူနှင့်တွေ့ရမည့်နေရာမှာ သူ့ရုံးခန်းမဟုတ်ဘဲ ဘူဂုန်း (rue de Bourgogne)လမ်းထဲက တာဘက်ကဖေးဆိုင် (Tabac)တစ်ခု၏ အပေါ်ထပ်ဖြစ်သည်။
ပြင်သစ်တွင် ကဖေးဆိုင်တိုင်းတွင် ဆေးလိပ်ဝယ်ယူ၍မရဘဲ (Tabac) ဟု အမည် တပ်ထားသည့် ကဖေးဆိုင်များတွင်သာ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်နှင့် စီးကရက်တို့ ဝယ်ယူရရှိနိုင်ပါသည်။
ပြင်သစ်နိုင်ငံတွင် အရက်၊ ဘီယာနှင့် ဆေးလိပ်ကို အခွန်တိုးမြှင့်ကောက်ထားသဖြင့် ဈေးကြီးလှသည်။ စီးကရက်တစ်ဘူးလျှင် ၇ ယူရို (ကျပ် ၇ဝဝဝ ကျော်)ကျသင့် ပါသည်။ ကျွန်တော်ကမူ ရန်ကုန်မှာကတည်းက ပြင်သစ်တွေ ပြောပြထားသဖြင့် ဈေးကြီးကြောင်းသိနေသဖြင့် Red.Ruby ၂ ကာတွန့်ယူလာခဲ့ရာ ဝယ်သောက်စရာ မလိုသည့်အပြင် ဆေးလိပ်လာ တောင်းသောက်သူများကိုပင် ဝေပေးနိုင်ပါသည်။ စီးကရက်ပါလျှင် ပါရီတွင်မျက်နှာပွင့်လှသည်။ ဆေးလိပ်သောက်နေလျှင် အမျိုး သမီးတွေရော၊ အမျိုးသား တွေပါ ' မွန်စီယာ၊ ဆေးလိပ်တစ်လိပ်လောက်ပေးပါ 'ဟုလာပြောသည်ကို မကြာခဏကြုံခဲ့ရသည်။
ကဖေးဆိုင် အပေါ်ထပ်မှာ ကျဉ်းကျဉ်းလေးဖြစ်ပြီး စားပွဲနံဘေးရှိ ပြတင်းပေါက်ပေါင်ပေါ်တွင် ပန်းအိုးလှလှလေးများ တင်ထားကာ နံရံတွင် အင်ပရက် ရှင်းနှစ်ဆန်ဆန် ပန်းချီကားတွေ ချိတ်ထားသည်။ Richard နှင့်တွေ့ရသည်မှာ စိတ်ဝင်စားဖို့ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောလောဆယ် 'Charlie Hebdo' သတင်းစာ၏ ရှေ့နေအဖြစ် ဆောက်ရွက်နေသောကြောင့်ဖြစ်သည်။Hebdo ဆိုသည်မှာ ပြင်သစ်ဘာသာဖြင့် အပတ်စဉ်ထုတ်ဟု အဓိပ္ပာယ်ရပြီး မကြာသေးမီကမှ ဘာသာရေးအစွန်းရောက်များ က ထိုသတင်းစာတိုက်ကို မီးရှို့ခဲ့ကြသည်။ပြင်သစ်နိုင်ငံတွင် Charlie Hebdo နှင့် Le Canard Enchaine ဆိုသည့် အချက်အလက်ကို အခြေခံပြီး သရော်စာဆန်ဆန်ရေးသည့် သတင်းစာ ၂ စောင်ရှိသည်။ အပတ်စဉ်ထုတ် သတင်းစာများဖြစ်ပြီး ထူးခြားချက်မှာ ကြော်ငြာလုံးဝမထည့်ခြင်းဖြစ်သည်။
' ဒီသတင်းစာ ၂ စောင်ကတော့ စီးပွားရေးလုပ်ငန်းစုတွေရဲ့ ဖိအားပေးတာ မခံလိုတဲ့အတွက် ကြော် ငြာမထည့်ကြဘူး 'ဟု သူကရှင်းပြသည်။
' ဒီသတင်းစာတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေး ကြိုက်ရာရေးခွင့် ရသလား '
' များသောအားဖြင့်ရပါတယ်။ ဥပမာLa Liberation ဆိုရင် ဆိုရှယ်လစ်ယိမ်းတဲ့အမြင်၊ L'Huminite ဆိုရင် ကွန်မြူနစ်ယိမ်းတဲ့အမြင်၊Le Figaro ဆိုရင် လစ်ဘရယ်ကျတဲ့အမြင်တွေနဲ့ရေးကြတယ်။ ၁၈၈၁မှာ ပြဋ္ဌာန်း တဲ့ဥပဒေအရ မိမိထင်မြင်ချက်ကို လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ရှိပါတယ်။ တာဝန်တော့ ယူရတာပေါ့။အများအားဖြင့် ဖြစ်တတ်တာက အသရေဖျက်မှုနဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ချိုးဖောက်မှုတွေ ဖြစ်တတ်တာပါ '
Richard နှင့် နာရီဝက်ခန့်သာ စကားပြောခဲ့ရသဖြင့် မေးစရာတွေ ကျန်သေးသော်လည်း စန်းမြစ်(La Seine) ထဲတွင် နေ့လယ်စာစားရမည်ဖြစ်ကြောင်း ဖိလစ်က သတိပေးသဖြင့် ကျေးဇူးတင်ကြောင်းပြောပြီး လူချင်း ခွဲခဲ့ကြသည်။
(ဆက်ရန်)
(ပုံ ၁ ) ကျွန်တော်တို့တည်းခိုသည့် ဟိုတယ်
(ပုံ ၂ ) အီဖယ်မျှော်စင်ပေါ်ကမြင်ရတဲ့ ပါရီ

ပါရီ သို့မဟုတ် အလင်းမြို့တော် - ၁(ခ)
ပါရီ သို့မဟုတ် အလင်းမြို့တော် - ၁(ခ)
လေယာဉ်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဒေသကိုဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြင့်ပေ ၃ဝဝဝဝ ကျော်မှ ဖြတ်သန်းဝင်ရောက်နေပြီဖြစ်ကြောင်း လေယာဉ်ထိုင်ခုံရှေ့ ရှိ တီဗွီဖန်သားပြင်က ဖော်ပြပေးနေသည်။ ၁၁ နာရီကျော်ကြာ ပျံသန်းရမည့် ခရီးစဉ်ဖြစ်သော်ငြား အိပ်မရသဖြင့် တီဗွီကြည့်လိုက် စာဖတ်လိုက်ဖြင့် လိုက်ပါလာရာ ပြင်သစ်နိုင်ငံ ချားဒီဂေါလ်လေဆိပ်သို့ နိုဝင်ဘာ ၁၁ ရက် ပြင်သစ်စံ တော်ချိန် နံနက် ၆ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိခဲ့သည်။ လေဆိပ်လူဝင်မှုကြီးကြပ်ရေးရှေ့ ရောက်တော့ ပတ်စ်ပို့နှင့် အာမခံစာရွက်ကို ကိုင်ထားရင်း စိတ်လှုပ်ရှားနေမိသည်။ မြန်မာပြည်ကို သူတို့ဘယ်လိုမြင်သလဲ။ ဝင်ခွင့်မှပေးပါ့မလား စသည်ဖြင့် စိုးရိမ်နေရ သည်။ မကြာမီကပဲ ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်တွင် အင်္ဂလန်နိုင်ငံသို့ အလည်သွားရောက်သည့် သတင်းထောက်တစ်ဦးရေးသားသည့်ဆောင်းပါးကို သတိရမိသည်။ သူ့ဆောင်းပါးမှာ လူဝင်မှုကြီးကြပ်ရေးက နိုင်ငံကူးလက်မှတ်စာအုပ်ကိုကြည့်ပြီး အမျိုးမျိုးရစ်နေကြောင်း ရေးသားထားသဖြင့် ကျွန်တော်လည်း ထိုသို့ကြုံရမည်ကို စိုးရိမ်နေ ခြင်းဖြစ်သည်။

ကျွန်တော့်အလှည့်သို့ရောက်သော် လူဝင်မှုကြီးကြပ်ရေးက လက်ညှိုးဖြင့်လာခဲ့ဟုခေါ်သဖြင့် ပတ်စ်ပို့စာ အုပ်ကိုပေးလိုက်ပါသည်။
'မြန်မာပြည်ကလာတာလား။ အလည်ပဲလား'
'ဟုတ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ပြင်သစ်မီဒီယာတွေလေ့လာဖို့အတွက် သတင်း ထောက်တွေအလည်ဖိတ်တာပါ'
'အို ဟုတ်လား၊ သတင်းထောက်လား၊ ဘာသတင်းမျိုးရေးတာလဲ။ မှုခင်းလား၊ နိုင်ငံရေးလား၊ စီးပွားရေးလား'
'အစုံပဲဆိုပါတော့ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုသတ်သတ်မှတ်မှတ်နဲ့တော့ မဟုတ်သေးပါဘူး။ ကြုံသလိုပဲဆိုပါတော့'ဟု ကျွန်တော်က ပြင်သစ်ဘာသာဖြင့် လှမ်း ဖြေလိုက်သည်။
'မင်း ပြင်သစ်စကားပြောတတ်တယ်လား။ မင်းတို့နိုင်ငံက ပြင်သစ်စကားပြောနိုင်ငံလား'
'မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံက အင်္ဂလိပ်ကိုလိုနီနိုင်ငံဟောင်းပါ။ အင်္ဂလိုဖုန်း(Anglophone) တွေပါ။ ကျွန်တော်က Alliance Francaise မှာ ပြင်သစ်ဘာသာစကား သင်ယူဖူးလို့ပါ။
'ကောင်းတယ်။ မင်းတို့နိုင်ငံရဲ့ အဓိကအားကစားက ဘာလဲ။Regby လား'
မျှော်လင့်မထားသော မေးခွန်းပါ။ ကျွန်တော်က Regby မကစားကြောင်း၊ အဓိကစိတ်ဝင်စားသော အားကစားမှာ ဘောလုံးဖြစ်ကြောင်း'ပြန်ပြောလိုက်သည်။
'ဒါဖြင့် ပလာတီနီကိုသိလား၊ သူက ပြင်သစ်လူမျိုးလေ'
'သိတာပေါ့။ အဲရစ်ကန်တိုးနားတို့၊ ဇီဒန်းတို့လည်း သိပါတယ်။ နာမည်ကြီးအားကစားသမားတွေပဲလေ'
ပြင်သစ်လူဝင်မှုကြီးကြပ်ရေးများ ကျေနပ်သွားဟန်ရှိပြီး ဗီဇာတွင် တုံးထုပေးလိုက်ပါတော့သည်။ မည်သည့်စာရွက်မျှ ထုတ်ပြဖို့မလို။ မည်သို့ပင်ဆိုစေ ပြင်သစ်နိုင်ငံတွင် နေထိုင်စဉ်အတွင်း ထိုအာမခံစာရွက်မှာ လိုအပ်နေဦးမည်သာဖြစ်သည်။
ခရီးဆောင်အိတ်များ ရွေးယူပြီးနောက် ဆိုက်ရောက်ရာလေဆိပ်တွင် ပြင်သစ်သံရုံးမှစီစဉ်ထားသော ကားကုမ္ပဏီမှ ကားဆရာက ကျွန်တော်တို့နာမည်တွေ ရေးထိုးထားသည့် ဧည့်ကြိုကတ်ပြားကိုင်၍ စောင့်နေပါသည်။ သူက ကျွန်တော်တို့အား ပြင်သစ်နိုင်ငံတွင် နေထိုင်စဉ်အတွင်း သုံးစွဲရန်အတွက် ငွေထုတ်ရမည့်နေရာဖြစ်သည့် Western Union ကို လိုက်ပို့ပါသည်။ အသုံးစရိတ်မှာ တစ်ပတ်အတွက် အတော်လုံလောက်ပါသည်။ ငွေထုတ်ယူပြီးနောက် လေဆိပ်အပြင်ဘက်ရောက်သည်နှင့် ပြင်သစ်ဆောင်း ရာသီလေကို စတင်ခံစားရပါတော့သည်။
ပြင်သစ်မှာ ဆောင်းရာသီစဝင်ပြီဖြစ်သည်။
by Pho Thaw Dar

ပါရီ သို့မဟုတ် အလင်းမြို့တော် - ၁(က)
ပါရီ သို့မဟုတ် အလင်းမြို့တော် - ၁(က)
မင်္ဂလာဒုံလေဆိပ်မှ သုဝဏ္ဏဘုမ္မိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာလာတော့ နေ့ခင်းတစ် နာရီထိုးနေပြီဖြစ်သည်။ ခရီးမကြာခဏထွက်ဖူးသော်လည်း ယခုတစ်ကြိမ်သည် ကျွန်တော့်အတွက် စိတ်လှုပ် ရှားစရာကောင်းနေသည်။ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်လော။ ယခုသွားရမည့်မြို့သည် ကျွန်တော် ငယ်စဉ်ကတည်းက ရောက်ဖူးချင်သောမြို့၊ အနုပညာတို့ စုဝေးရာမြို့၊ ဖက်ရှင်မြို့တော်ဟု စာတွေ ရုပ်ရှင်တွေထဲမှာ မကြာခဏတင်စားခေါ်ဝေါ်ကြသော မြို့ဖြစ်သည့် ပါရီ သို့မဟုတ် အလင်းမြို့တော်။
အမှန်တော့ ကျွန်တော့်အဖို့ ရောက်ဖူးချင်သည့် စိတ်သာရှိနေပြီး ရောက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်က နံနက်ခင်းတစ်ခုတွင် ကျွန်တော့်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ဖုန်းဆက်လာပါသည်။ တာဝန်ရှိသူက ပြင်သစ်နိုင်ငံသို့ မီဒီယာလေ့လာရေးခရီးအဖြစ် နိုဝင်ဘာ လထဲတွင် စေလွှတ်လိုသဖြင့် လိုက်ပါရန် ဆန္ဒ ရှိ မရှိ မေးမြန်းရာ အံ့သြလွန်းသဖြင့် ချက်ချင်း ဘာပြန် ပြောရမှန်းမသိပါ။ ခေတ္တကြာမှ လိုက်နိုင်ပါကြောင်းနှင့် မည်မျှကြာမြင့်မည်ဖြစ်ကြောင်း စသည် ဖြင့် ပြန်လည်မေးမြန်းမိပါသည်။
သူတို့အစီအစဉ်က မြန်မာပြည်က ဂျာနယ်လစ်များအား ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြင်သစ်မီဒီယာလောက လုပ်ဆောင်နေပုံကို လေ့လာစေရန်ဖြစ်ပြီး စုစုပေါင်း တစ်ပတ်ခန့်ကြာမြင့်မည် ဟုဆိုသည်။ ကျွန်တော်က မီဒီယာလေ့လာရုံဖြင့် အားမရ။ ပြင်သစ်နိုင်ငံရှိ ပြတိုက်များ၊ လေ့လာ စရာနေရာများနှင့် နာမည်ကျော် ပန်းချီဆရာ၊ စာရေးဆရာတို့ စကားလက်ဆုံကျလေ့ရှိသည့် ကဖေး ဆိုင်များကိုလည်း ရောက်ဖူးချင်သည့်အတွက် တစ်ပတ်ဆိုသည့်အချိန်သည် မလုံလောက်သဖြင့် နောက်ထပ်တစ်ပတ်ခန့် မိမိအစီအစဉ်ဖြင့်နေလိုကြောင်း ပြောပြရာ အခြေအနေကြည့်စီစဉ်ပေးမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိ ပုဂ္ဂိုလ်က ပြန်ဖြေပါသည်။
ပြင်သစ်နိုင်ငံ၏ လေ့လာစရာများနှင့် ပန်းချီဆရာများအကြောင်းကို ဆရာမြသန်းတင့် ဘာသာပြန်သည့် အီလျာအာရင်ဘတ်၏ 'လူများ၊ သက္ကရာဇ်များ၊ ဘဝ'ဆိုသည့် စာအုပ်နှင့် ဆရာနေဝင်းမြင့်၏ စာအုပ်ဖြစ်သည့် 'ပါရီနွေဦး၊ သရုပ်လွန်အလင်းနှင့် ရာစုသစ်ပင်၏ ရုပ်ကြွင်းများ'။ ထို့ပြင် ဆရာကျော်အောင် ဘာသာပြန်သည့် ဟဲမင်းဝေ၏ (movable feast) ပါရီရုပ်ပုံလွှာ စသည့်စာအုပ်များထဲတွင် ဖတ်ဖူးသည်။
ဗန်ကောက်သုဝဏ္ဏဘုမ္မိကို နေ့လယ် ၂နာရီခန့် မှာရောက်သွားရာ ပါရီကိုပျံသန်းမည့် ထိုင်းအဲဝေး လေယာဉ် (T.G)သည် ထိုင်းစံတော်ချိန် ဝဝး၃ဝ နာရီ မှ ထွက်မည်ဖြစ် သည့်အတွက် လေဆိပ်ထဲမှာ အချိန်ဖြုန်းချိန်ရသည်။ သို့အတွက် ကျွန်တော်တို့တွေ နားနေရန် သင့်တော်သော နေရာတစ်နေရာရှာပြီး လေဆိပ်ထဲလျှောက်ကြည့်ကြသည်။ ကျွန်တော်တို့ဆိုသည်မှာ အန်ကယ်ဝီလျံ၊ သူက ယခုလက်ရှိ မော်ဒန် ဂျာနယ်နှင့် ကုမုဒြာဂျာနယ်ကို တည်ထောင်ထုတ်ဝေနေသူဖြစ်ပြီး ၁၉၉ဝ အစောဆုံးနှစ်များက ဂျာနယ်များ၏ ရှေ့ပြေးဟု ခေါ်ဆိုအပ်သော သတင်းရေးသားပုံဖြင့် 'ဓန'မဂ္ဂဇင်းကို စီစဉ်ထုတ်ဝေခဲ့သူဖြစ်သည်။ နောက်တစ်ခုက ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက် ဖြစ်သည့် ကိုပီတာအောင်ဖြစ်သည်။ သူက ယခင် ခေတ်ပြိုင်သတင်းဌာနမှာ လုပ်ကိုင်ခဲ့ပြီးမှ ဒီမိုကရက်တစ်မြန်မာ့အသံသို့ ပြောင်းလာသည့် ဝါရင့်သတင်းထောက်ဖြစ်သည်။ အသက် ၃ဝ ကျော်ခန့်သာရှိသေးသော သူ့ကို ကျွန်တော် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက်စဉ်က ဆုံတွေ့ဖူးပြီးဖြစ်သည်။ အခြားတစ်ဦးမှာSkyNet ရုပ်သံလိုင်းမှ ကိုသိုက်ထွန်းဖြစ် သည်။ ကျွန်တော်ကမူ RSF (Reporteurs-SansFrontiere) ဟုခေါ်သည့် နယ်စည်းမခြား သတင်း ထောက် များအသင်း၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လာ ရောက်ခြင်းဖြစ်သည်။ အမှန်က မြန်မာနိုင်ငံမှ ခေါ်ယူသူမှာ ၅ ဦးဖြစ်သော်လည်း ပြင်သစ်အခြေစိုက် AFP သတင်းဌာန၏ မြန်မာနိုင်ငံ ဗျူရိုအကြီးအကဲဖြစ်သူ မလှလှဌေးမှာ ကျွန်တော်တို့ထက် တစ်ရက်စော၍ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ကြည့်ရှုပြီးနောက် လေဆိပ်ရှိ နားနေရန်ထိုင်ခုံများတွင် စာဖတ်လိုက် စကားပြောလိုက်ဖြင့် အချိန်ကုန်အောင်ဖြုန်းနေရသည်။ လေယာဉ်ကလည်း ညသန်းခေါင်မှ ထွက်မည်ဆိုတော့ အိပ်ရန်လည်း အချိန်ကအတော်ကိုးလိုးကန့်လန့်နိုင်နေပါသည်။ ကျွန်တော်ကတော့ ဆရာကျော်အောင် ဘာသာပြန်သည့် ပါရီရုပ်ပုံလွှာစာ အုပ်ကို ပြန်လည်ဖတ်ရှုရင်း အိပ်မောကျသွားရာ ဦးဝီလျံက လေယာဉ်က ခေါ်နေပြီဆိုမှ နိုးလာသည်။
ထိုင်းလေကြောင်းလိုင်းက ပါရီ ချားဒီဂေါလ် (CDG)လေဆိပ်သို့ ပျံသန်းမည့် လေယာဉ်က ဘိုးရင်း ၇၇၇ အမျိုးအစား လေယာဉ်ကြီးဖြစ်သည်။ ခရီးသည်ပေါင်း ၅ဝဝ ခန့် ဆံ့မည်ဟုထင်သည်။ သုံးယောက် တစ်တွဲခုံ ၄ လိုင်းဖြင့် တန်းပေါင်း ၄ဝ ခန့်ရှိမည်။ ကျွန်တော့်ဘေးရှိ ခုံ ၂ ခုံတွင် လူမရှိသည့်အတွက် ပျံသန်းချိန် ၁၁ နာရီ ခန့်အတွင်း လွတ်လွတ်လပ်လပ် သက်သောင့်သက်သာဖြင့်သွားနိုင်မည်ကို တွေးရင်းသဘောကျနေမိသည်။
လေယာဉ်ပေါ်ရောက်တော့မှပဲ တစ်လျှောက်လုံး အရိပ်တကြည့်ကြည့်နေခဲ့ရသည့် လက်ဆွဲအိတ်ကို အသေအချာနေရာချနိုင်ပြီဖြစ်သည်။ ရန်ကုန်ရှိ ပြင်သစ်သံရုံးမှ တာဝန်ရှိသူ မဝိုင်းက
'လေယာဉ်လက်မှတ်ရယ်၊ ပတ်စ်ပို့ရယ်၊ နောက်ပြီး ဒီကျန်းမာရေး အာမခံချက်(ATTESTATION) ကို သေချာ ကိုယ်နဲ့ မကွာစေနဲ့၊ ဒီစာရွက်က သံရုံးက ထုတ်ပေးတာ၊ ဒီစာရွက်မရှိရင် လူဝင်မှုကြီးကြပ်ရေးမှာ ပြဿနာရှိနိုင်တယ်' ဟု မကြာခဏ သတိပေးထားသည် မဟုတ်ပါလား။
မဝိုင်းမှာ သံရုံးတာဝန်ခံ (Charged'Affaire) ၏ လက်ထောက်ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် ၁၅ နှစ်ခန့် နေထိုင်ခဲ့သူဖြစ်ကာ ယခုပြင်သစ်သံရုံးတွင် ဝင်ရောက်အလုပ် လုပ်နေသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်သည်။ အခြားသူများအတွက် ခရီးစဉ်စီစဉ်ရာတွင် အခက်အခဲ မရှိနိုင်သော်လည်း ကျွန်တော့်အတွက်တော့ သူ့တွင် အခက်အခဲရှိမည်မှာ သေချာပါသည်။ ကျွန်တော်ကမူ သီတင်းတစ်ပတ်ခန့် ပြင်သစ်နိုင်ငံတွင် မိမိ၏ အစီအစဉ်ဖြင့် ဆက်နေဦးမည်ဖြစ်ရာ ပထမကြုံရမည့် ပြဿနာမှာ ထိုကျန်းမာရေး အာမခံစာ ရွက်ဖြစ်သည်။ ပြင်သစ်သံရုံးက ကျွန်တော်တို့ ပြင်သစ်နိုင်ငံတွင် နေထိုင်မည့်တစ် ပတ်တာ ကာလဖြစ်သည့် နိုဝင်ဘာ ၁ဝ ရက်နေ့မှ ၁၇ ရက်နေ့အထိသာ အာမခံပေးထားပြီး ကျွန်တော်ကမူ ၂၃ ရက်နေ့မှ ပြန်လည်ထွက်ခွာမည်ဖြစ်ရာ အပိုနေထိုင်မည့် သီတင်းတစ်ပတ်အတွက် အာမခံစာရွက်လိုနေသည်။ အနောက်နိုင်ငံများသို့သွား လျှင် ထိုစာရွက်မှာ အထူးလိုအပ်ပေသည်။ နေထိုင်မကောင်းဖြစ်ပါက မည်သူက တာဝန်ယူကုသပေးပါမည်နည်း။ ထို့အတွက် အာမခံပေးမည်သူ သို့မဟုတ် ကုမ္ပဏီလိုအပ်ပေသည်။ ထိုအာမခံဝယ်ယူနိုင်မည့် ဝက်ဘ် ဆိုက်(Visa-SchengenAssurance.com) ကို မဝိုင်းက အီးမေးလ်မှ တစ်ဆင့်ပေးပို့သဖြင့် ဝင်ရှာကြည့် ရာ တစ်ပတ်အတွက် ကျန်းမာရေးအာမခံမှာ ၁၇ ယူရို (ကျပ်တစ်သောင်းရှစ်ထောင်ခန့်)သာ ကုန်ကျမည်ဖြစ်သဖြင့် အသက်ရှူချောင်သွားမည်။ သို့ရာတွင် ခက်နေသည်က အွန်လိုင်းမှ တစ်ဆင့်ကတ်ဖြင့် ဝယ်ယူရမည်ဖြစ်ရာ နိုင်ငံတကာနှင့် ငွေကြေးချိတ်ဆက်နိုင်မှု မရှိသေးသည့် မြန်မာနိုင်ငံသားတစ်ယောက်အတွက် အတော်ပင် သောကများရပြန်သည်။ လေယာဉ်လက်မှတ်ကလည်းရပြီဆိုတော့ ထိုစာရွက်သာမရှိလျှင် ချားဒီဂေါလ်လေ ဆိပ်မှာ ဒုက္ခလှလှရောက်တော့မည်။
'မပူပါနဲ့၊ မဝိုင်းလည်း ဒီဘက်ကနေ အကုန်စုံစမ်းပေးပါ့မယ်။ မရရင် ရန်ကုန်က SUN FAR ကုမ္ပဏီ ကလုပ်ပေးတယ် ကြားတယ်။ ကြိုးစားကြည့် တာပေါ့'
'ကျွန်တော့်သူငယ်ချင်းတွေတော့ ပါရီမှာရှိကြတယ်ဗျ။ သူတို့ကို လှမ်းလုပ်ခိုင်းကြည့်လိုက်မယ်လေ'
ဖြစ်ချင်တော့ မနက်ဖြန်ထွက်ရမည်ဆိုလျှင် ယနေ့ညအထိ ထိုစာရွက်ကိုလုပ်ပေးမည့်သူ ပါရီရှိ သူငယ်ချင်းက ဘာမှအကြောင်းမပြန်သေး။ မတတ်နိုင်။ မနက်မှမရလျှင် တော့ လေဆိပ်မဆင်းမီSUNFAR ကုမ္ပဏီ သွားလုပ်ရပေတော့မည်ဟု တွေးနေမိသည်။ တော်ပါသေးသည်၊ နောက်တစ်နေ့ နံနက် အီးမေးလ် ဖွင့်လိုက်တော့မှ အာမခံထားသောစာရွက်ကို သူငယ်ချင်းက ပို့ပေးထားသဖြင့် စိတ်ဒုန်းဒုန်းချနိုင်တော့သည်။ ချက်ချင်းပင် အဆင်ပြေသွားပြီဖြစ်ကြောင်း ဖုန်းဆက်ပြီး မဝိုင်းကို အကြောင်းကြားလိုက်ရသည်။ 'အာမခံအတွက် အဆင်ပြေပြီလား'ဟု အကြိမ်ကြိမ် မက်ဆေ့ခ်ျဖြင့် မေးနေသူဖြစ်သဖြင့် စိတ်မပူစေရန် အကြောင်းကြားလိုက်ရခြင်း ဖြစ်ပါသည်။
(ဆက်ပါဦးမည်)
By Pho Thaw Tar

Subscribe to:
Posts (Atom)