ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၆
ပါရီကိုရောက်တာ ၅
ရက်ပဲရှိသေးသော်လည်း ကျွန်တော်တို့က မြန်မာအစား အစာကိုလွမ်းလှပြီ။
အထူးသဖြင့် ရန်ကုန်နံနက်စောစော ထမင်းကြော် သို့မဟုတ် မုန့်ဟင်းခါး
စားနေကျသူများဖြစ်ရာ ဟိုတယ်ကနံနက်စာကျွေးသည့် ဘာဂက် (bagutte) ခေါ်
ပေါင်မုန့်ညို၊ croissant ခေါ် မုန့်ကြိုးလိမ်၊ ဘဲဥပြုတ်၊
အသားပြားကြော်တို့ကိုငြီးငွေ့လှပြီ။ ပြင်သစ်တွေကတော့ဘာဂက်ခေါ် ပေါင်မုန့်ညို
ရှည် ရှည်ကြီးတွေကို မြန်မာတွေမုန့်ဟင်းခါး ကြိုက်သလို
ကြိုက်ကြသည်။ပြင်သစ်ပြည်၏ အမှတ်အသား များမှာ အီဖယ်မျှော်စင်၊
အောင်ပွဲခံမုခ်ဦး (L'Arch de Triomphe) တို့အပြင် ဝိုင်၊ croissant၊
ဘားဂတ်၊ ကဖေးနှင့်ရေမွှေးတို့သည်လည်း ပြင်သစ်သင်္ကေတ
များဖြစ်ကြသည်။ခရီးသွားစဉ် နံနက်စောစော အစာများများစားလေ့ မရှိဘဲ
ဖျော်ရည်ကိုသာသောက်လေ့ရှိသည့် ကျွန်တော့်အတွက် ဟိုတယ်တွင် ဖျော်ရည် (Juice)
တွေရှိသဖြင့်တော်ပါသေးသည်။ဒီနေ့သွားရမည့်အစီအစဉ်ကို ကြည့်လိုက်တော့
ဦးဆုံး Le Figaro အမည်ရှိ
နေ့စဉ်ထုတ်သတင်းစာတိုက်ဆီဖြစ်သည်။တွေ့ဆုံရမည့်သူက Alain Burluet
။ကျွန်တော်ကြားဖူးသည့် နာမည်လိုလို ရှိသော်လည်း မသေချာသေးပါ။သတင်းစာတိုက်
ရောက်၍သူ့မြင်တော့မှ ကျွန်တော်သိသောသူဖြစ်နေသည်။ အစပထမသူကလည်းမမှတ်မိသေး။
နောက်မှအံ့သြစွာဖြင့် ကျွန်တော့်နာမည်ခေါ် ပါသည်။သူက ၂ဝ၁၂
ကြားဖြတ်ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံတွင် သတင်းယူစဉ်
ကျွန်တော်နှင့်အတူ အလုပ်လုပ်ခဲ့သူဖြစ်သည်။ သံတမန်နှင့်
နိုင်ငံရေးရာသတင်းထောက် ဖြစ်ပြီး ရာထူးကြီးဖြစ်သည်။Le Figaro မှာ
နေ့စဉ်ထုတ်သတင်းစာဖြစ်ပြီး ၁၈၂၆ ခုနှစ်ကတည်းက ထုတ်ဝေ ခဲ့ခြင်းဖြစ်ကာ
ပြင်သစ်နိုင်ငံ၏သက်တမ်းအရှည်ကြာဆုံး သတင်းစာ ဖြစ်သည်။
“ Le Figaro
မှာ သတင်းထောက်ပေါင်း ၃ဝဝ လောက်ရှိပြီး နိုင်ငံခြားမှာ သတင်းထောက် ၁ဝ ယောက်
ရှိပါတယ်။ ဒီမှာ ပုံနှိပ် (Print) ပိုင်းနဲ့ ဝက်ဘ်ဆိုက်ပိုင်းဆိုပြီး
ခွဲထားပါတယ်။ ဝက်ဘ်ကတော့ သတင်း အတိုချုပ်တွေပေါ့လေ။ ပုံနှိပ်ကတော့
စုံစမ်းထောက်လှမ်းရေးထားတဲ့ သတင်းတွေ (investigative reports) ၊ အသေးစိတ်
(indept) ရေးထားတာတွေဖော်ပြပါတယ်။ ဝက်ဘ်ဆိုက်က တော့အခမဲ့ပါ။ ဒါပေမယ့်
ရေရှည်မှာ ပုံနှိပ်မီဒီယာရဲ့အခန်းကဏ္ဍက ပိုအကျပ်အတည်း တွေ့နိုင်တဲ့ အတွက်
အခပေး ဝက်ဘ်ဆိုက်ဖြစ်အောင်လုပ်ဖို့စဉ်းစားနေပါတယ် “ ဟု အာလန်ကဆိုသည်။
သတင်းစာအား စီးပွားရေးလုပ်ငန်းရှင်များက လွှမ်းမိုးမှုရှိမရှိနှင့်ပတ်သက်၍
“ လွှမ်းမိုးသူကတော့ရှိ တယ်။ ကျွန်တော်တို့တိုက်ကို Le Figaro ဆိုတဲ့
အုပ်စုကပိုင်တာပါ။ သတင်းစာအပြင် TV မဂ္ဂဇင်းလည်း ထုတ်ဝေပါတယ်။
လက်ရှိသတင်းစာတိုက်ရဲ့ ဥက္ကဋ္ဌက Serge Dassaut အ ဖြစ်မယ့်အတွက်
အရင်သမ္မတဆာကိုဇီပါတီရဲ့လမ်းစဉ်ဖြစ်တဲ့ လက်ယာဘက်ကိုယိမ်း ပါတယ်။
စွက်ဖက်မှုတွေရှိပေမယ့်ညှိပြီးလုပ်ရတာပေါ့ဗျာ “
ဒါးဆိုး (Dassaut)
ဆိုသူမှာ ပါလီမန်အမတ်တစ်ဦးဖြစ်ပြီး တိုက်လေယာဉ်နှင့်ပုဂ္ဂလိကပိုင် လေယာဉ်
များ ထုတ်လုပ်သည့် DASSAUT ကုမ္ပဏီ၏ အကြီးအကဲလည်းဖြစ်သည်။ သတင်းစာတိုက်မှ
ပြန်ထွက် လာပြီးနေ့လယ်စာစားပြီးနောက် Le Canard Enchaine
သတင်းစာတိုက်သို့လာခဲ့ကြ သည်။ သတင်းစာ၏အမည်မှာ သံခြေချင်းဝတ်ဘဲကလေးဟု
အဓိပ္ပာယ်ရပြီး အထိန်းအကွပ်နှင့်သတိထား ရသောသတင်းစာဟု
ရည်ညွှန်းချင်သည်ဟုထင်ရပါသည်။ သတင်းစာ၏အချက်အလက်ကို အခြေခံပြီး
သရော်စာဆန်ဆန်ရေးသော စာများဖြစ်သည်။ စာမျက်နှာရှစ်မျက်နှာသာရှိပြီး
ဓာတ်ပုံတွေလည်း လုံးဝမသုံး၊
ကယ်ရီကေးချားခေါ်ရုပ်ပြောင်ပုံနှင့်ကာတွန်းများကိုသာ အသုံးပြု ထားသည်။
သတင်းစာတိုက် တည်ရှိရာ စိန့်ဟော်နိုရေး (St Honore) လမ်းရှိ ပထမထပ်
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ပြင်သစ်သမ္မတဟောင်း ချားလ်ဒီလ်ဂေါ၏
ရုပ်ပြောင်ပုံကိုစက္ကူဖြင့် ရုပ်လုံးကြွ ပလာစတာကိုင်ထားသည်ကိုမြင်ရသည်။
ကျွန်တော်တို့ကို လက်ခံတွေ့ဆုံသူမှာ သတင်းထောက် ဖြစ်သူ Ms. Brigitte
ဖြစ်သည်။အသက် ၅ဝ ကျော်ခန့် ထောင်ထောင်မောင်း မောင်းဖြစ်ပြီး စကားကို
သွက်လက်ရွှင်ပျစွာပြောတတ်သူဖြစ်သည်။
“ ပြင်သစ်မှာ ကျွန်မတို့
သတင်းစာလို သရော်စာရေးတဲ့သတင်းစာ နောက်တစ်စောင် ရှိသေးတယ်။ Charlie Hebdo
တဲ့။ သရော်စာအရေး ကောင်းလို့ မကြာသေးခင်က အကြမ်းဖက်သမားတစ်စုက
မီးဝင်ရှိုလိုက်ကြတယ်။တရားခံတော့မမိသေးဘူး။ ဒါပေမယ့် အဲဒီသတင်းစာကို
ဆက်ထုတ်နေတုန်းပဲ “
Le Canard Enchaine သည် အပတ်စဉ် ဗုဒ္ဓဟူးနေ့ထုတ်သတင်းစာဖြစ်ပြီး ၁၉၁၅ ခုနှစ်ကစတင် ထုတ်ဝေခဲ့သည်။မကြာမီနှစ်တစ်ရာပြည့်တော့မည်ဖြစ်သည်။
“ ဒီလိုဖိအားတွေရှိပေမယ့် ကျွန်မတို့မတုန်လှုပ်ပါဘူး။ ကျွန်မတို့က
အစိုးရအဖွဲ့တွေအကြောင်းရေးလို့ ပြဿနာလည်း အကြိမ်ကြိမ်တက်ဖူးပြီး
အစိုးရဌာနဆိုင်ရာက တရားစွဲတာချည်းပဲ အကြိမ်တစ်ရာ လောက်ရှိပြီထင်တယ်။
ဒါပေမယ့် ၄၊ ၅ ခါပဲ အစိုးရကနိုင်တယ်။ ကျွန်မတို့က အချက်အလက်နဲ့ရေး တာကိုး။
သူတို့ငြင်းလို့ဘယ်ရမလဲ။လက်ဝဲယိမ်းတာလက်ယာယိမ်းတာထက် လူတွေခံစားနေ ရတာကို
အချက်အလက်နဲ့ရေးတာလေ။ ရယ်စရာပြောရဦးမယ်။ အရင်သမ္မတ ဆာကိုဇီလက်ထက်ကဆိုရင်
သမ္မတကို ဗုဒ္ဓဟူးနေ့တိုင်း ကျွန်မတို့သတင်းစာနဲ့
သမ္မရုံးကလူတွေသွားရမည့်အလှည့်ကို မဲနဲ့ရွေး တာရှင့်။
မပေးရဲလို့လေ။သမ္မတကလည်း ကျွန်မတို့ကိုမျက်မုန်းကျိုးပေမယ့်
သတင်းစာကိုဖတ်တော့ ဖတ်ရတယ်လေ “
သူ့စကားကြားတော့
တကယ့်သတင်းစာသမားကောင်းတစ်ယောက်ဆိုတာ ဒီလိုပါလားဟု လေးစားအထင်ကြီးမိသည်။
သတင်းစာကို ပုံမှန်ယူသူတစ်သောင်းခွဲရှိပြီး အပတ်စဉ် ၅ သိန်းရိုက်နှိပ် ရကာ
တစ်စောင်လျှင် ၁.၂ဝ ယူရိုနှင့်ရောင်းခြင်းဖြစ်သည်။သတင်းစာက ကြော်ငြာ
လည်းလုံးဝမထည့်၊ သတင်းစာရောင်းရသည့်ဝင်ငွေဖြင့် ရပ်တည်ခြင်းဖြစ်ကာ အင်တာနက်
ဝက်ဘ်ဆိုက်လည်းမထားရှိပေ။
“ ကျွန်မတို့သတင်းစာမှာ ဆောင်ပုဒ်တွေ
(motto) ရည်မှန်းချက် (mission) တွေမရှိဘူး။ လူထုကို သတင်းပေးဖို့ပဲ။
ဒါပေမယ့် အချက်အလက်မရှိဘဲနဲ့ လူဘယ်လောက်စိတ်ဝင်စား မယ့်ကိစ္စဖြစ်ပါ
စေလုံးဝမရေးဘူး “
နောက်သွားရမယ့်နောက်တစ်နေရာက ပုံနှိပ်မီဒီယာမဟုတ်။
ဝက်ဘ်ဆိုက်ဖြစ်သည့် Slate.fr ဆိုသည့် ဌာနဖြစ်သည်။ ပြင်သစ်မီဒီယာမဟုတ်ဘဲ
အမေရိကန်သတင်းစာကြီးဖြစ်သည့် Washington Post သတင်းစာက
ပိုင်သည်။ဒီဝက်ဘ်ဆိုက်က အမေရိကန်ပြည်ထောင်စုတွင် အကျော်ကြားဆုံး
ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ပြင်သစ်ဘာသာဖြင့် ၂ဝဝ၉ ခုနှစ်မစ၍
ဝက်ဘ်ဆိုက်ပေါ်တင်ခဲ့ကြသည်။ ကြော်ငြာခဝင်ငွေရရှိပြီး အခမဲ့ကြည့်ရှုနိုင် သော
ဝက်ဘ်ဆိုက်ဖြစ်သည်။ နေ့စဉ်ဝင်ရောက်ကြည့်ရှုသူ တစ်သိန်းသုံးသောင်းခန့်ရှိပြီး
လူချမ်းသာများကိုသာ အဓိကထားသည့်ဝက်ဘ်ဆိုက်ဖြစ် သည်ဟုသိရသည်။
ကျွန်တော်တို့တစ်တွေ မီဒီယာလေ့လာရေးအပြီးအပြန် ဟိုတယ်တွင်
ကျွန်တော်တို့ကို အောင်ပွဲခံမုခ်ဦးရှိရာ ရှောင်ဇေလီးဇေး (Champs-Elysee)
လမ်းမကြီးကိုလိုက်ပို့ဖို့စောင့်နေသော ကိုမစ်ကီတို့
သုံးယောက်ကိုတွေ့ရသည်။ဟိုတယ်ရှိရာ (rue du Bac) မှတ်တိုင်မှာ အမှတ် ၁၂ ရထား
လိုင်းကို လေးဘူတာခန့်စီး၍ ရထားလိုင်းအများစုဆုံရပ်ဖြစ်သည့် Concorde
ဘူတာတွင်ဆင်း၊ထိုမှ တစ်ဆင့် အမှတ် ၁ လိုင်းကိုစီးရာ Franklin D. Roosevelt
မှတ်တိုင်တွင်ဆင်းလိုက်သည်။ မြေအောက်ဘူတာမှအတက်တွင် ကျော်ကြားလှသော
ရှောင်ဇေလီးဇေးလမ်းမကြီးကို မီးရောင် ထိန်ထိန် အောက်တွင်တွေ့လိုက်ရသည်။
ပါရီမြို့၏တည်ဆောက်ပုံကမှတ်ရလွယ်ပါသည်။ပါရီသည် Arrondissement ခေါ်
ခရိုင်ကြီး ၂ဝ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး L’Hotel de Ville ခေါ်
မြို့တော်ခန်းမ မှစ၍ နာရီလက်တံလှည့်သည့်အတိုင်း မြို့အပြင်ကို ၂၊၃၊၎
စသည်ဖြင့် ကျယ်ပြန့်သွားခြင်း ဖြစ်သည်။ မျက်စိထဲမြင်အောင်ပြောရလျှင်
ခြင်ဆေးခွေပုံစံအတိုင်းပင်ဖြစ်သည်။ အောင်ပွဲခံမုခ်ဦး တည်ရှိရာမှာ 4
arrandissement တွင် ဖြစ်သည်ဟုထင်ပါသည်။နပိုလီယံတည်ဆောက်ခဲ့သော
အောင်ပွဲခံမုခ်ဦးကြီး ကို ချက်စ်နပ်ပင်တွေကြားထဲမှပင် မီးရောင်စုံဖြင့်
ခံ့ညားစွာမြင်တွေ့နေရသည်။လမ်းဘေးတစ်ဖက် တစ်ချက်တွင် ကမ္ဘာကျော် Brand
ပစ္စည်းများရောင်းချနေသောဆိုင်များ ဖွင့်လှစ်ထားကြသဖြင့် Louis Vuitton
ပစ္စည်းရောင်းချသော ကုန်တိုက်ကြီးကိုလည်းမြင်ခဲ့ရသည်။
“
အဲဒီကုန်တိုက်နားရောက်တာနဲ့ တရုတ်တွေက ခင်ဗျားတို့ကို
နိုင်ငံခြားသားတွေလားလို့မေးမယ်။ ပြီးရင် ကတ်တလောက်ထဲက
သူတို့လိုချင်တဲ့ပစ္စည်းကိုပြပြီး ခင်ဗျားကိုပိုက်ဆံပေးပြီးဝယ်ခိုင်း
လိမ့်မယ်။ဝယ်ပေးခတော့ ခင်ဗျားကိုပေးတာပေါ့။ ဒါပေမယ့်
မဝယ်ဘဲလစ်ပြေးမယ်တော့မကြံနဲ့။ သူတို့မှာဂိုဏ်းတွေရှိတယ်ဗျ။ သူတို့က
အထဲဝင်ဝယ် လို့မရဘူး၊အတုလုပ်မယ့်သူတွေဆိုတာသိနေ တော့ ဆိုင်လုံခြုံရေးတွေက
အဝင်မခံဘူး “ ဟု ကိုမစ်ကီကရှင်းပြသည်။Louis Vuitton အိတ်တန်ဖိုး များကတော့
ကျောချမ်းစရာပင်။ မိန်းမကိုင်အိတ်တစ်အိတ်လျှင် အနည်းဆုံး မြန်မာ ငွေသိန်း
၂ဝ ခန့် မှသိန်းရာကျော်ထိရှိသဖြင့် မဝယ်နိုင်မည့်အတူတူမကြည့်ရန်
ဆုံးဖြတ်လိုက် သည်။အောင်ပွဲခံမုခ်ဦးနှင့် အနီးဆုံးနေရာရောက်သည်နှင့်
ဓာတ်ပုံတွေရိုက်ရန် ပြင်ဆင်ချိန်တွင် ကိုမစ်ကီက အသင့်ပါလာသော
ဝီစကီပုလင်းကိုထုတ်၍ အချမ်းပြေသောက် လိုက်ကြသည်။ကျွန်တော်တို့အဖွဲ့ထဲက
ကျန်သူများကမူ မသောက်ပါ။ ကျွန်တော်ကတော့ ချမ်းတာကိုအကြောင်းပြုပြီး
သောက်လိုက်သည်။ရှောင်ဇေလီဇေး လမ်းမကြီးပေါ်တွင်
ကျွန်တော်တို့လိုသောက်သုံးနေသူများကလည်းမနည်း။ကျွန်တော်သည်ရှောင်ဇေလီးဇေးလမ်းမကြီး
အောင်ပွဲခံမုခ်ဦး အောက်မှတစ်ဆင့် ဂျာမန်တပ်များ သေနတ်တစ်ချက်မဖောက်ဘဲ
ပါရီမြို့သို့ထဲ ဝင်ရောက်လာပုံ၊ မဟာမိတ်အနိုင်ရပြီး ချားလ်ဒီဂေါလ်
ဦးဆောင်သော ပြင်သစ်တပ်များ ပြန်လည်ဝင်ရောက်လာပုံကို
မှန်းဆမြင်ယောင်ကြည့်မိပါသည်။ ပါရီ၏ညချမ်း သည် ခေါင်းစွပ်၊
လက်အိတ်များမပါသဖြင့် နှာတွေပိတ်သဖြင့် အနီးဆုံးက Mc Donald ဆိုင်တွင်
ညစာဝင်စားပြီး ဟိုတယ် သို့ပြန်လာခဲ့ကြသည်။
(ဆက်ရန်)
ပုံ(၁) Le Figaro သတင်းစာတိုက်
ပုံ(၂) ရှောင်ဇေလီးဇေးလမ်းမကြီး
No comments:
Post a Comment