ပါရီ သို့မဟုတ် အလင်းမြို့တော် - ၁(က)
မင်္ဂလာဒုံလေဆိပ်မှ
သုဝဏ္ဏဘုမ္မိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာလာတော့ နေ့ခင်းတစ်
နာရီထိုးနေပြီဖြစ်သည်။ ခရီးမကြာခဏထွက်ဖူးသော်လည်း ယခုတစ်ကြိမ်သည်
ကျွန်တော့်အတွက် စိတ်လှုပ် ရှားစရာကောင်းနေသည်။ စိတ်မလှုပ်ရှားဘဲ
နေနိုင်ပါမည်လော။ ယခုသွားရမည့်မြို့သည် ကျွန်တော် ငယ်စဉ်ကတည်းက
ရောက်ဖူးချင်သောမြို့၊ အနုပညာတို့ စုဝေးရာမြို့၊ ဖက်ရှင်မြို့တော်ဟု စာတွေ
ရုပ်ရှင်တွေထဲမှာ မကြာခဏတင်စားခေါ်ဝေါ်ကြသော မြို့ဖြစ်သည့် ပါရီ သို့မဟုတ်
အလင်းမြို့တော်။
အမှန်တော့ ကျွန်တော့်အဖို့ ရောက်ဖူးချင်သည့်
စိတ်သာရှိနေပြီး ရောက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ အောက်တိုဘာလ
နောက်ဆုံးသီတင်းပတ်က နံနက်ခင်းတစ်ခုတွင် ကျွန်တော့်ထံသို့
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ဖုန်းဆက်လာပါသည်။ တာဝန်ရှိသူက
ပြင်သစ်နိုင်ငံသို့ မီဒီယာလေ့လာရေးခရီးအဖြစ် နိုဝင်ဘာ လထဲတွင်
စေလွှတ်လိုသဖြင့် လိုက်ပါရန် ဆန္ဒ ရှိ မရှိ မေးမြန်းရာ အံ့သြလွန်းသဖြင့်
ချက်ချင်း ဘာပြန် ပြောရမှန်းမသိပါ။ ခေတ္တကြာမှ လိုက်နိုင်ပါကြောင်းနှင့်
မည်မျှကြာမြင့်မည်ဖြစ်ကြောင်း စသည် ဖြင့် ပြန်လည်မေးမြန်းမိပါသည်။
သူတို့အစီအစဉ်က မြန်မာပြည်က ဂျာနယ်လစ်များအား
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြင်သစ်မီဒီယာလောက
လုပ်ဆောင်နေပုံကို လေ့လာစေရန်ဖြစ်ပြီး စုစုပေါင်း တစ်ပတ်ခန့်ကြာမြင့်မည်
ဟုဆိုသည်။ ကျွန်တော်က မီဒီယာလေ့လာရုံဖြင့် အားမရ။ ပြင်သစ်နိုင်ငံရှိ
ပြတိုက်များ၊ လေ့လာ စရာနေရာများနှင့် နာမည်ကျော် ပန်းချီဆရာ၊ စာရေးဆရာတို့
စကားလက်ဆုံကျလေ့ရှိသည့် ကဖေး ဆိုင်များကိုလည်း ရောက်ဖူးချင်သည့်အတွက်
တစ်ပတ်ဆိုသည့်အချိန်သည် မလုံလောက်သဖြင့် နောက်ထပ်တစ်ပတ်ခန့်
မိမိအစီအစဉ်ဖြင့်နေလိုကြောင်း ပြောပြရာ အခြေအနေကြည့်စီစဉ်ပေးမည်ဖြစ်ကြောင်း
အဆိုပါတာဝန်ရှိ ပုဂ္ဂိုလ်က ပြန်ဖြေပါသည်။
ပြင်သစ်နိုင်ငံ၏
လေ့လာစရာများနှင့် ပန်းချီဆရာများအကြောင်းကို ဆရာမြသန်းတင့် ဘာသာပြန်သည့်
အီလျာအာရင်ဘတ်၏ 'လူများ၊ သက္ကရာဇ်များ၊ ဘဝ'ဆိုသည့် စာအုပ်နှင့်
ဆရာနေဝင်းမြင့်၏ စာအုပ်ဖြစ်သည့် 'ပါရီနွေဦး၊ သရုပ်လွန်အလင်းနှင့်
ရာစုသစ်ပင်၏ ရုပ်ကြွင်းများ'။ ထို့ပြင် ဆရာကျော်အောင် ဘာသာပြန်သည့်
ဟဲမင်းဝေ၏ (movable feast) ပါရီရုပ်ပုံလွှာ စသည့်စာအုပ်များထဲတွင်
ဖတ်ဖူးသည်။
ဗန်ကောက်သုဝဏ္ဏဘုမ္မိကို နေ့လယ် ၂နာရီခန့် မှာရောက်သွားရာ
ပါရီကိုပျံသန်းမည့် ထိုင်းအဲဝေး လေယာဉ် (T.G)သည် ထိုင်းစံတော်ချိန် ဝဝး၃ဝ
နာရီ မှ ထွက်မည်ဖြစ် သည့်အတွက် လေဆိပ်ထဲမှာ အချိန်ဖြုန်းချိန်ရသည်။
သို့အတွက် ကျွန်တော်တို့တွေ နားနေရန် သင့်တော်သော နေရာတစ်နေရာရှာပြီး
လေဆိပ်ထဲလျှောက်ကြည့်ကြသည်။ ကျွန်တော်တို့ဆိုသည်မှာ အန်ကယ်ဝီလျံ၊ သူက
ယခုလက်ရှိ မော်ဒန် ဂျာနယ်နှင့် ကုမုဒြာဂျာနယ်ကို
တည်ထောင်ထုတ်ဝေနေသူဖြစ်ပြီး ၁၉၉ဝ အစောဆုံးနှစ်များက ဂျာနယ်များ၏ ရှေ့ပြေးဟု
ခေါ်ဆိုအပ်သော သတင်းရေးသားပုံဖြင့် 'ဓန'မဂ္ဂဇင်းကို
စီစဉ်ထုတ်ဝေခဲ့သူဖြစ်သည်။ နောက်တစ်ခုက ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)
သတင်းထောက် ဖြစ်သည့် ကိုပီတာအောင်ဖြစ်သည်။ သူက ယခင် ခေတ်ပြိုင်သတင်းဌာနမှာ
လုပ်ကိုင်ခဲ့ပြီးမှ ဒီမိုကရက်တစ်မြန်မာ့အသံသို့ ပြောင်းလာသည့်
ဝါရင့်သတင်းထောက်ဖြစ်သည်။ အသက် ၃ဝ ကျော်ခန့်သာရှိသေးသော သူ့ကို ကျွန်တော်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက်စဉ်က ဆုံတွေ့ဖူးပြီးဖြစ်သည်။
အခြားတစ်ဦးမှာSkyNet ရုပ်သံလိုင်းမှ ကိုသိုက်ထွန်းဖြစ် သည်။ ကျွန်တော်ကမူ
RSF (Reporteurs-SansFrontiere) ဟုခေါ်သည့် နယ်စည်းမခြား သတင်း ထောက်
များအသင်း၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လာ ရောက်ခြင်းဖြစ်သည်။
အမှန်က မြန်မာနိုင်ငံမှ ခေါ်ယူသူမှာ ၅ ဦးဖြစ်သော်လည်း ပြင်သစ်အခြေစိုက် AFP
သတင်းဌာန၏ မြန်မာနိုင်ငံ ဗျူရိုအကြီးအကဲဖြစ်သူ မလှလှဌေးမှာ
ကျွန်တော်တို့ထက် တစ်ရက်စော၍ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ကြည့်ရှုပြီးနောက် လေဆိပ်ရှိ နားနေရန်ထိုင်ခုံများတွင်
စာဖတ်လိုက် စကားပြောလိုက်ဖြင့် အချိန်ကုန်အောင်ဖြုန်းနေရသည်။ လေယာဉ်ကလည်း
ညသန်းခေါင်မှ ထွက်မည်ဆိုတော့ အိပ်ရန်လည်း
အချိန်ကအတော်ကိုးလိုးကန့်လန့်နိုင်နေပါသည်။ ကျွန်တော်ကတော့ ဆရာကျော်အောင်
ဘာသာပြန်သည့် ပါရီရုပ်ပုံလွှာစာ အုပ်ကို ပြန်လည်ဖတ်ရှုရင်း အိပ်မောကျသွားရာ
ဦးဝီလျံက လေယာဉ်က ခေါ်နေပြီဆိုမှ နိုးလာသည်။
ထိုင်းလေကြောင်းလိုင်းက ပါရီ ချားဒီဂေါလ် (CDG)လေဆိပ်သို့ ပျံသန်းမည့်
လေယာဉ်က ဘိုးရင်း ၇၇၇ အမျိုးအစား လေယာဉ်ကြီးဖြစ်သည်။ ခရီးသည်ပေါင်း ၅ဝဝ
ခန့် ဆံ့မည်ဟုထင်သည်။ သုံးယောက် တစ်တွဲခုံ ၄ လိုင်းဖြင့် တန်းပေါင်း ၄ဝ
ခန့်ရှိမည်။ ကျွန်တော့်ဘေးရှိ ခုံ ၂ ခုံတွင် လူမရှိသည့်အတွက် ပျံသန်းချိန်
၁၁ နာရီ ခန့်အတွင်း လွတ်လွတ်လပ်လပ် သက်သောင့်သက်သာဖြင့်သွားနိုင်မည်ကို
တွေးရင်းသဘောကျနေမိသည်။
လေယာဉ်ပေါ်ရောက်တော့မှပဲ တစ်လျှောက်လုံး
အရိပ်တကြည့်ကြည့်နေခဲ့ရသည့် လက်ဆွဲအိတ်ကို အသေအချာနေရာချနိုင်ပြီဖြစ်သည်။
ရန်ကုန်ရှိ ပြင်သစ်သံရုံးမှ တာဝန်ရှိသူ မဝိုင်းက
'လေယာဉ်လက်မှတ်ရယ်၊ ပတ်စ်ပို့ရယ်၊ နောက်ပြီး ဒီကျန်းမာရေး
အာမခံချက်(ATTESTATION) ကို သေချာ ကိုယ်နဲ့ မကွာစေနဲ့၊ ဒီစာရွက်က သံရုံးက
ထုတ်ပေးတာ၊ ဒီစာရွက်မရှိရင် လူဝင်မှုကြီးကြပ်ရေးမှာ ပြဿနာရှိနိုင်တယ်' ဟု
မကြာခဏ သတိပေးထားသည် မဟုတ်ပါလား။
မဝိုင်းမှာ သံရုံးတာဝန်ခံ
(Charged'Affaire) ၏ လက်ထောက်ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် ၁၅ နှစ်ခန့်
နေထိုင်ခဲ့သူဖြစ်ကာ ယခုပြင်သစ်သံရုံးတွင် ဝင်ရောက်အလုပ် လုပ်နေသည်မှာ
တစ်နှစ်ကျော်ရှိနေပြီဖြစ်သည်။ အခြားသူများအတွက် ခရီးစဉ်စီစဉ်ရာတွင် အခက်အခဲ
မရှိနိုင်သော်လည်း ကျွန်တော့်အတွက်တော့ သူ့တွင် အခက်အခဲရှိမည်မှာ
သေချာပါသည်။ ကျွန်တော်ကမူ သီတင်းတစ်ပတ်ခန့် ပြင်သစ်နိုင်ငံတွင် မိမိ၏
အစီအစဉ်ဖြင့် ဆက်နေဦးမည်ဖြစ်ရာ ပထမကြုံရမည့် ပြဿနာမှာ ထိုကျန်းမာရေး
အာမခံစာ ရွက်ဖြစ်သည်။ ပြင်သစ်သံရုံးက ကျွန်တော်တို့ ပြင်သစ်နိုင်ငံတွင်
နေထိုင်မည့်တစ် ပတ်တာ ကာလဖြစ်သည့် နိုဝင်ဘာ ၁ဝ ရက်နေ့မှ ၁၇ ရက်နေ့အထိသာ
အာမခံပေးထားပြီး ကျွန်တော်ကမူ ၂၃ ရက်နေ့မှ ပြန်လည်ထွက်ခွာမည်ဖြစ်ရာ
အပိုနေထိုင်မည့် သီတင်းတစ်ပတ်အတွက် အာမခံစာရွက်လိုနေသည်။
အနောက်နိုင်ငံများသို့သွား လျှင် ထိုစာရွက်မှာ အထူးလိုအပ်ပေသည်။
နေထိုင်မကောင်းဖြစ်ပါက မည်သူက တာဝန်ယူကုသပေးပါမည်နည်း။ ထို့အတွက်
အာမခံပေးမည်သူ သို့မဟုတ် ကုမ္ပဏီလိုအပ်ပေသည်။ ထိုအာမခံဝယ်ယူနိုင်မည့် ဝက်ဘ်
ဆိုက်(Visa-SchengenAssurance.com)
ကို မဝိုင်းက အီးမေးလ်မှ တစ်ဆင့်ပေးပို့သဖြင့် ဝင်ရှာကြည့် ရာ တစ်ပတ်အတွက်
ကျန်းမာရေးအာမခံမှာ ၁၇ ယူရို (ကျပ်တစ်သောင်းရှစ်ထောင်ခန့်)သာ
ကုန်ကျမည်ဖြစ်သဖြင့် အသက်ရှူချောင်သွားမည်။ သို့ရာတွင် ခက်နေသည်က
အွန်လိုင်းမှ တစ်ဆင့်ကတ်ဖြင့် ဝယ်ယူရမည်ဖြစ်ရာ နိုင်ငံတကာနှင့်
ငွေကြေးချိတ်ဆက်နိုင်မှု မရှိသေးသည့် မြန်မာနိုင်ငံသားတစ်ယောက်အတွက်
အတော်ပင် သောကများရပြန်သည်။ လေယာဉ်လက်မှတ်ကလည်းရပြီဆိုတော့
ထိုစာရွက်သာမရှိလျှင် ချားဒီဂေါလ်လေ ဆိပ်မှာ ဒုက္ခလှလှရောက်တော့မည်။
'မပူပါနဲ့၊ မဝိုင်းလည်း ဒီဘက်ကနေ အကုန်စုံစမ်းပေးပါ့မယ်။ မရရင် ရန်ကုန်က
SUN FAR ကုမ္ပဏီ ကလုပ်ပေးတယ် ကြားတယ်။ ကြိုးစားကြည့် တာပေါ့'
'ကျွန်တော့်သူငယ်ချင်းတွေတော့ ပါရီမှာရှိကြတယ်ဗျ။ သူတို့ကို လှမ်းလုပ်ခိုင်းကြည့်လိုက်မယ်လေ'
ဖြစ်ချင်တော့ မနက်ဖြန်ထွက်ရမည်ဆိုလျှင် ယနေ့ညအထိ
ထိုစာရွက်ကိုလုပ်ပေးမည့်သူ ပါရီရှိ သူငယ်ချင်းက ဘာမှအကြောင်းမပြန်သေး။
မတတ်နိုင်။ မနက်မှမရလျှင် တော့ လေဆိပ်မဆင်းမီSUNFAR ကုမ္ပဏီ
သွားလုပ်ရပေတော့မည်ဟု တွေးနေမိသည်။ တော်ပါသေးသည်၊ နောက်တစ်နေ့ နံနက်
အီးမေးလ် ဖွင့်လိုက်တော့မှ အာမခံထားသောစာရွက်ကို သူငယ်ချင်းက
ပို့ပေးထားသဖြင့် စိတ်ဒုန်းဒုန်းချနိုင်တော့သည်။ ချက်ချင်းပင်
အဆင်ပြေသွားပြီဖြစ်ကြောင်း ဖုန်းဆက်ပြီး မဝိုင်းကို အကြောင်းကြားလိုက်ရသည်။
'အာမခံအတွက် အဆင်ပြေပြီလား'ဟု အကြိမ်ကြိမ် မက်ဆေ့ခ်ျဖြင့်
မေးနေသူဖြစ်သဖြင့် စိတ်မပူစေရန် အကြောင်းကြားလိုက်ရခြင်း ဖြစ်ပါသည်။
(ဆက်ပါဦးမည်)
By Pho Thaw Tar
No comments:
Post a Comment