ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၅

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၅
သူတို့ခေါ်သွားသည့်စားသောက်ဆိုင်ကဘူဖေးပုံစံမျိုးဖြစ်ပြီး မိမိနှစ်သက်ရာဟင်းကို ချက်ချင်းကြော်လှော်ပေးသည်။သောက်စရာမှာ ရေတစ်ပုလင်း တစ်ယူရိုပေးရပြီး ဝိုင်နီကိုမူဘူးထဲမှ ကြိုက်သ လောက်ငှဲ့သောက်နိုင်သည်။စားသောက်ပြီးသောအခါ သူတို့ကကျွန်တော့်ကို အခြားနေရာတွေကို လိုက်ပြပေးချင်သော်လည်း ကျွန်တော်ကနောက်တစ်ပတ်ဆက်နေရဦးမည်ပြောတော့ ဟိုတယ်မှာ စကားပြောကြရန် ကိုစန်းမြင့်၊ ကိုမစ်ကီတို့နှင့်အတူ ဝိုင်တစ်ပုလင်းဝယ်ပြီး ဟိုတယ်ပြန်လာခဲ့ကြသည်။ ဟိုတယ်အခန်းမှာ တစ်နာရီခန့်သာစကားပြောချိန်ရပါသည်။သူတို့ကပါရီမြို့စွန်မှာနေသဖြင့် ည ၁၁ နာရီ အမီပြန်ရမည်ဖြစ်သည်။ရထားတွေကည ၁၁ နာရီကျော်လျှင် ပြေးဆွဲခြင်းမပြုတော့ပေ။
ဟိုတယ်ခန်းမှ သူတို့ထွက်သွားတော့မှ ကျန်တဲ့သူတွေ နောက် ၂ ရက်ပြီးရင် ပြန်မည်ဟုစဉ်းစားမိပြီး နောက်တစ်ပတ် ပါရီတွင်တစ်ယောက်တည်း ငေါင်တောင်တောင် ကျန်ခဲ့မည့် အဖြစ်ကိုတွေးရင်း အိပ်ပျော်သွားသည်။

နောက်တစ်နေ့ AFP သတင်းဌာနသို့ သွားကြည့်ပြီးနောက် FranceTelevision ဌာနသို့ ဆက်လက် ထွက်ခွာခဲ့သည်။ France Television ဌာနအဆောက်အအုံမှာ အတော်ပင် ကြီးမားပြီး အစိုးရပိုင် မီဒီယာဖြစ်ကာ အလုပ်လုပ်နေသူ တစ်သောင်း ကျော်ရှိသည်ဟု ဌာနမှနိုင်ငံ တကာအစီအစဉ်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Sean Loup Calazel ကဆိုသည်။France Television သည် အစိုးရပိုင်မီဒီယာဖြစ် သော်လည်း လွတ်လပ်ခွင့်အပြည့်အဝရှိသည်။ရုပ်သံမီဒီယာဖြစ်သည့် အဓိကလိုင်း (Channel) ပေါင်း ၅ လိုင်းရှိပြီး France 2, France 3, France 4, France 5 နှင့် France 0 (Oversea) တို့ဖြစ်ကြသည်။ France 0 မှလွဲ၍ ကျန်လိုင်းများစွာ ပြည်တွင်းတွင် ထုတ်လွှင့်ပြီး France 0 မှာ ပြင်သစ်စကားပြော ကိုလိုနီနိုင်ငံဟောင်းများ (အထူးသဖြင့် အာဖရိကတိုက်) သို့ထုတ်လွှင့်ပေးနေ သည်။ ဌာနအနေဖြင့် ပြင်သစ်နိုင်ငံနေ လူများ၏ တီဗီလိုင်စင်ကြေးနှင့် ကြော်ငြာများမှ ဝင်ငွေရရှိပြီး တီဗီတစ်လုံးလျှင် လိုင်စင်ကြေး တစ်နှစ် ၁၂၅ ယူရိုကို အစိုးရသို့ပေးဆောင်ရကာ လိုင်းပေါင်း ၁၉လိုင်း ကြည့်ရှုနိုင် ပေသည်။ အဆိုပါလိုင်စင်ကြေးမှာ ဥရောပနိုင်ငံများထဲတွင် အနည်းဆုံးကောက်ခံသောနှုန်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်မှစ၍ ၁၃၁ ယူရိုအထိ တိုးကောက်ရန်စီစဉ်ထားကြောင်း၊ ဌာန၏ဝင်ငွေမှာတစ်နှစ် လျှင် ယူရို ၃ ဘီလီယံရှိပြီး သုံးပုံနှစ်ပုံမှာ အခပေးလိုင်းများမှရရှိကာ ကျန်တစ်ပုံမှာ ကြော်ငြာများမှရရှိ ခြင်းဖြစ်ကြောင်း Mr. Calazel က ရှင်းပြသည်။
မီဒီယာဌာန၏ ဥက္ကဋ္ဌကို ရွေးကောက်ပုံကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ ယခင်က CSA (Conseille Superior de L'Audiovisuel) မှ ရွေးချယ်သော်လည်း ၂ဝဝ၉ ခုနှစ် သမ္မတဆာကိုဇီ လက်ထက်မှစ၍ သမ္မတမှတိုက်ရိုက်ရွေးချယ်ခဲ့သည်။ သို့ဖြစ်၍ ၂ဝ၁၃ ခုနှစ်မှစ၍ CSA သို့မဟုတ် သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်းပြု/မပြုကို ပါလီမန်အတွင်းဥပဒေပြုဆုံးဖြတ်မည်ဟုသိရသည်။
Le Monde သတင်းစာတိုက်ရောက်တော့ ညနေ ၅ နာရီထိုးနေပြီဖြစ်သည်။Le Monde ဆိုသည် မှာ အင်္ဂလိပ်ဘာသာဖြင့် (The People) ဟု အဓိပ္ပာယ်ရသည်။ အဆောက်အအုံကြီး၏ ဧည့်ကြိုခန်းမတွင် ပထမဆုံး သတင်းစာထုတ်သည့်နှစ် ၁၉၄၄ က ရိုက်နှိပ်ထုတ်ဝေခဲ့သော ပုံနှိပ် စက်ကြီးကိုပြထားသည်။ ကျွန်တော်တို့ကို ကြိုဆိုသည့်သူက သူ့ကိုယ်သူမိတ်ဆက်ပေးသော်လည်း နာမည်မမှတ်မိတော့ပါ။ ကျွန်တော်တို့ ရောက်သည့်အချိန်တွင် သတင်းထောက်များပြန်သွားပြီဖြစ် သည့်အတွက် Website တင်နေသူ ၁ဝ ယောက် ခန့်ကိုသာတွေ့ခဲ့ရသည်။ နေ့စဉ်ထုတ်ညနေပိုင်းသတင်းစာကြီးဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှစ၍ ပျမ်းမျှ နေ့စဉ်စောင်ရေ ၃ သိန်းကျော် ထုတ်ဝေနေသည့် သတင်းစာဖြစ်သည်။ Le Monde သတင်းစာသည် ပြင်သစ်ဘာသာဖြင့်ထုတ်ဝေ သော နာမည်ကြီးသတင်းစာတစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ Le Figaro ပညာတတ်လူတန်းစား ပရိသတ်ကို အဓိကထားထုတ်ဝေခြင်းဖြစ်သည်။
' နေ့စဉ်ထုတ် သတင်းစာအပြင် လစဉ်ထုတ် Le Monde မဂ္ဂဇင်းလည်းရှိပါတယ်။ Website ကိုတော့ နေ့စဉ်ပရိသတ် ၁ သန်းလောက် ဝင်ကြည့်ကြပြီး Update ကိုတော့ မနက် ၆ နာရီနဲ့ ည ၁၁ နာရီ နှစ်ခါ လုပ်ပေးပါတယ်။ Website က အခပေးကြည့် ရတဲ့ Website ပါ။ Le Monde ရဲ့ ဝင်ငွေက တော့ ပုံနှိပ်မီဒီယာက ၆ဝ ရာခိုင်နှုန်းရပြီး Website ကနေ ၄ဝ ရာခိုင်နှုန်းရပါတယ် 'ဟု အဆိုပါပုဂ္ဂိုလ် ကရှင်းပြသည်။
အပြန်တွင် ဟိုတယ်မပြန်ချင်သေးသဖြင့် ဟိုတယ်နှင့်မဝေးလှသော LaoZu တရုတ် စားသောက် ဆိုင်မှာဆင်းနေခဲ့ကြသည်။လောက်ဇူစားသောက် ဆိုင်မှာ ၁၉ လမ်းကတိုက်ခန်းများ လောက်သာ ကျယ်ပြီး အပေါ်ထပ်တွင် ထပ်ခိုးလေးရှိသည်။ပါရီစားသောက်ဆိုင်များတွင်ရှိသော စားပွဲအကျယ် အဝန်းမှာ မြန်မာနိုင်ငံကလက်ဖက်ရည်ဆိုင်စားပွဲ၏ သုံးပုံတစ်ပုံသာရှိပြီး စားရသည်မှာကျဉ်းကျပ် လှသည်။ တစ်ဝိုင်းနှင့်တစ်ဝိုင်းကလည်း ကပ်ရက်၊ သူ့အင်္ကျီနှင့်ကိုယ့်အင်္ကျီ ထိကပ်နေသည့်အထိ နီးကပ်လှသည်။ အမှန်က ဟိုတစ်နေ့ကတည်းက ဒီဆိုင်မှာ စားသုံးရန် လာခဲ့ကြသေးသည်။ သို့သော် စားပွဲအတွက် နောက်တစ်နာရီမှရမည်ဆိုသဖြင့် ပြန်လှည့်ခဲ့ကြခြင်း ဖြစ်သည်။စားသောက်ဆိုင်များ ကျဉ်းသဖြင့် စားပွဲကို တစ်နာရီလောက် ကြိုတင်မှာကြားထားရ လေ့ရှိသည်။ဆိုင်ရှိစားပွဲထိုးများမှာ ပြည်မကြီးမှမဟုတ်ဘဲ ဗီယက်နမ်နွယ်ဖွား တရုတ်မလေး တွေဖြစ်သည်။ အစားအသောက်များမှာ တရုတ်စာဖြစ်၍ ကျွန်တော်တို့ခံတွင်း တွေ့သော်လည်း ဈေးမှာအတန်ငယ်ကြီးသည်ဟုဆိုရပါမည်။ ထမင်းကြော်တစ်ပွဲ၊ တုမ်ယမ်းဟင်းချို ၂ ပွဲ၊ ဘဲပေါင်းတစ်ပွဲ၊ တို့ဖူးဟင်းတစ်ပွဲ၊ ဝက်သားပေါင်းနှင့် ထမင်းလေးလုံးမှာစားရာ ယူရို ၈ဝ ကျော်ကျသင့်သည်။ ဟင်းချိုပန်းကန်လုံးအသေးဖြင့် ထမင်း တစ်လုံးပင် နှစ်ယူရို ကျသင့်နေပြီဖြစ်သည်။
ထမင်းစားပြီးဟိုတယ်ရှိရာသို့ စိန့်ဂျာမိန်းလမ်းမကြီးတစ်လျှောက် လမ်းလျှောက်ပြန်ခဲ့ကြရာ ကဖေးဆိုင် များမှာ လူတွေပြည့်နေကြသည်။ကဖေးဆိုင်လေးများ၏ ပလက်ဖောင်းပေါ်ထွက်နေသော အမိုးများ အောက်တွင် ထိုင်ခုံများချထားပြီး ဘေးပတ်လည်ကို အအေးမဝင်အောင် ပလတ်စတစ် အကြည်စများ ကာထားသည်။အပြင်မှာဘယ်လောက်ချမ်းချမ်း ပလတ်စတစ်ဖယ်ပြီး စားပွဲပေါ်ထိုင် လိုက်လျှင်တော့ အပူဓာတ်ပေးမီးချောင်းများ (Heater Lighting) ထွန်းထားသောကြောင့် နွေးထွေး နေပါသည်။ ကျန်သူများက ဟိုတယ်ပြန်သွားသော်လည်း ကျွန်တော်ကတော့ ပါရီကကဖေး ဆိုင်ထိုင်ဖူးချင်သော ကြောင့် ကော်ဖီတစ်ခွက်ဝင်သောက်လိုက်သည်။ စားပွဲထိုးအမျိုးသမီးက ကော်ဖီ အမည်း တစ်ခွက်နှင့် အညိုရောင်သကြားခဲများ လာချပေးပါသည်။ပြင်သစ်လူမျိုးများသည် ကော်ဖီအပြင်း အတော်သောက် သူများဖြစ်ပါသည်။အကြမ်းပန်းကန်လုံး လောက်သာရှိသောကော်ဖီကို တစ်ဝက်ကုန်အောင်မနည်း သောက်ယူရပါသည်။ရင်တွေတုန်လာသဖြင့် ကျန်တစ်ဝက်ကိုချန်ခဲ့ပြီး တစ်ခွက်လုံးသာသောက်လိုက် လျှင် ညတော့အိပ်ပျော်မည်မဟုတ်ပါ။
ဟိုတယ်ပြန်ရောက်တော့ ဧည့်ကြိုကောင်တာမှ ကျွန်တော်အတွက်အထုပ်တစ်ထုပ် ရောက်နေ ကြောင်းပြောသဖြင့် ဖွင့်ကြည့်လိုက်ရာ ကိုဥာဏ်ဝင်းကလက်ကိုင်ဖုန်း ပေးထားခြင်းဖြစ်ကြောင်းတွေ့ ရသည်။ကျွန်တော်တို့တွင် လက်ကိုင်ဖုန်းများပါသော်လည်းဘာကြောင့်မှန်းမသိ ပါရီတွင်သုံးမရပါ။ ထို့အတွက် လိုအပ်ပါက ဆက်သွယ်နိုင်ရန် ကိုဥာဏ်ဝင်းက ဖုန်းလာပေးထားခြင်းဖြစ်သည်။ဖုန်းရပြီ ဆိုတော့ ဆက်သွယ်ရမည့် ပြင်သစ်မိတ်ဆွေများ၏ ဖုန်းနံပါတ်များကို ကျွန်တော့်အီးမေးလ်ထဲတွင် လိုက်ရှာပြီး စာရင်းပြုစု ထားနေမိသည်။နောက် ၂ ရက်ပြီးတွင် ကျန်သူများမြန်မာနိုင်ငံပြန်တော့မည် ဖြစ်ပြီး ကျွန်တော်တစ် ယောက်တည်းသာကျန်ခဲ့တော့မည်ဖြစ်သဖြင့် ပါရီတွင်ယောင်လည်လည် မဖြစ်စေရန် မိတ်ဆွေ သူငယ်ချင်းများ၏ ဖုန်းနံပါတ်များကို လိုက်မှတ်နေရခြင်းဖြစ်ပါသည်။
သြော် ဘာလိုလိုနဲ့ပါရီရောက်တာ ၅ ရက်ပြည့်သွားပါပြီလား။
(ဆက်ရန်)
ပုံ(၁) ပါရီလမ်းဘေး စာအုပ်ဆိုင်လေး
ပုံ(၂) ပါရီက မဟာကဖေးဆိုင်များ

No comments:

Post a Comment