ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၇

ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၇
တွေ့စရာ နှစ်နေရာလောက်ပဲရှိတော့ပြီး မိမိတို့ အစီအစဉ်ဖြင့် ဈေးဝယ်ရန် ဂျော့ကကြို ပြောထားသည်။သန်ဘက်ခါဆိုလျှင် ကျွန်တော်ကလွဲပြီး ကျန်အဖွဲ့များမြန်မာပြည်ပြန်တော့မည်။ဈေးကြီးလှ၍အပို ပစ္စည်းများမဝယ်နိုင်သည့်တိုင် နာမည်ကြီးလှသောပြင်သစ်ရေမွှေးတစ်ပုလင်း
လောက်ကိုတော့ ဝယ်သွားမည်ဟုဆုံးဖြတ်လိုက်ပါသည်။မဆုံးဖြတ်လျှင်လည်း
မြန်မာပြည်ပြန်ရောက်လျှင် အိမ်သူကမျက်နှာတော်ငြိုပြီး တဖျစ်တောက်တောက် လုပ်မည်မလွဲပါ။ဟိုတယ်တွင် နံနက်စာစားပြီးသည်နှင့်ဦးဆုံးလုပ်ရသည့်အလုပ် မှာဟိုတယ်တွင်နက်ဖြန်နှင့်သန်ဘက်ခါ ကျွန်တော့် အတွက် အခန်းယူထား မထားမေးရန်ဖြစ်ပါသည်။ ဂျုလဒ်ကကမူ ကျန်နေခဲ့မယ့်ခုနစ်ရက်တွင် နှစ်ရက်ကို ဟိုတယ်တွင်တည်းခိုရန်ပေးချေထား မည်ပြောထားသောကြောင့်သေချာအောင်မေးရခြင်းဖြစ်ပါသည်။
" ဘွန်ဂျူးး မွန်စီယာ၊ ဘာများအကူအညီပေးရပါ့မလဲ "ဟု ကိုယ်ခန္ဓာတောင့်တောင့်ဖြောင့်ဖြောင့်နှင့် ဧည့်ကြိုဌာနမှ မိန်းကလေးကမေးပါသည်။
" ဘွန်ဂျူး မက်မွိုင်ဇယ်၊ ကျွန်တော့်အတွက် မနက်ဖြန်နဲ့သန်ဘက်ခါအတွက် အခန်းယူထား သလားသိချင်လို့ပါ "
အခန်းရကြောင်းသေချာမှ ပါရီတွင်နေထိုင်သော သူငယ်ချင်း ကိုထွေးအား ဟိုတယ်တွင်နှစ်ရက်နေပြီးလျှင် သူ့အိမ်တွင်လာနေမည်ဟု ဖုန်းဆက်လိုက် သည်။ရောက်စကတည်းက အုံ့မှိုင်းနေသောပါရီသည် ဒီနေ့တော့ရှားရှား ပါးပါးနေခြည်တို့ဖြာကျနေသည်။နေခြည်ဖျန်းပက်ထားသော်လည်း လေကမူအေးနေသဖြင့် နေရထိုင်ရသက် သောင့်သက်သာရှိလှပါသည်။ ကျွန်တော်တို့ဒီနေ့ R.S.F ဟုခေါ်သည့် နယ်စည်းမခြားသတင်းထောက်များ အသင်းကိုရောက်တော့ ကျွန်တော်တို့ကို အာရှ-ပစိဖိတ်ဗျူရို အကြီးအကဲဖြစ်သူ ဘင်ဂျမန်အစ္စမေးလ်က ကြိုဆိုနေသည်။ သူနှင့်ကျွန်တော်မစိမ်းလှပါ။ သူက မြန်မာနိုင်ငံကို ၂ဝ၁၂ ကရောက်ဖူးသည်။ သူတို့အဖွဲ့က မြန်မာနိုင်ငံ ကိုလာချင်သော်လည်း ယခင်ကဗီဇာမရ၊ အစိုးရအသစ်ပြောင်းတော့မှ ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာနှင့်အတူ မြန်မာနိုင်ငံရောက်ဖူးခြင်းဖြစ်သည်။ သူမြန်မာပြည်ကပြန်ခါနီး ကျွန်တော့်ကို တော်တော်ဦးနှောက်စား သွားသေးသည်။ ထိုအချိန်က ရခိုင်ပြည်နယ်တွင်မငြိမ်မသက်မှုများရှိနေသည့် အတွက် သူကသွားလေ့လာချင်သည်။ ကျွန်တော်က ထိုနယ်တွင် ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ နိုင်ငံခြားသားများ သွားမရကြောင်းပြောပါသေးသည်။ သူကမရ၊ နောက်နေ့ချက်ချင်း လေယာဉ်ကွင်းမှာ Go Show (ချက်ချင်း လက်မှတ်ဝယ်) ပြီးသွားမည်ဆို တော့ ကျွန်တော်လက်လျှော့လိုက်သည်။ ကျွန်တော်ကမူ သူ့အတွက်စိတ်ပူနေသည်။သူ၏ရုပ်သွင်က အိန္ဒိယ တိုင်းရင်းသား နှင့်တူနေသည်ကိုး။ သူ၏အဘိုးနှင့်အဘွားက အိန္ဒိယနွယ်ဖွား၊ သူကမူ ပြင်သစ်နိုင်ငံတွင် မွေးဖွားသူဖြစ်သည်။ ထိုနေ့နေ့ခင်း ရောက်တော့ သူကျွန်တော့်ကိုဖုန်းပြန်ဆက်သည်။ သူသွားခွင့်မရပါတဲ့။ လူဝင်မှုကြီးကြပ်ရေး ကသူ့ဗီဇာသက်တမ်း နှစ်ရက်သာကျန်တော့သဖြင့် ပေးမသွားဟုဆိုသဖြင့် ကျွန်တော့်ရင်ထဲက အလုံးကြီးကျသွားပါသည်။သွားခွင့်ရလျှင်ဘာတွေ ဘယ်လို ဖြစ်ဦးမည်မသိ။
ရုံးခန်းထဲရောက်တော့ ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာက ဆီးနှုတ်ဆက်သည်။ ကျွန်တော် ပါရီကိုလာနိုင်တာ ဝမ်းသာမဆုံး။ ညစာစားဖို့ ချိန်းနေသေးသော်လည်း ကျွန်တော်တို့မှာ အစီအစဉ်တွေပြည့်နေပြီ။ နယ်စည်းမခြားသတင်းထောက်များအကြောင်း အနည်းငယ်ရှင်းပြချင်ပါ သေးသည်။ အမှန်စင်စစ် နယ်စည်း မခြားသတင်းထောက်များအသင်းသည် သတင်းဖြန့်ချိ သည့် ဌာနမဟုတ်ပါ။ သတင်းအေဂျင်စီမဟုတ်ပါ။ AFP ၊A P ၊ Reuter စသည်တို့သည် သတင်းအေဂျင် စီကြီးများဖြစ်ကြပြီး ဝက်ဘ်ဆိုက်တွေကိုယ်စီရှိသော်လည်း သူတို့ကသတင်းလွှင့်ခြင်းမဟုတ်၊ သူတို့က သတင်းထောက်တွေ ကမ္ဘာအနှံ့ထားပြီး သတင်းလွှင့်ဌာနတွေဖြစ်သည့် BBC ၊ CNN ၊ ABC စသည့် ကမ္ဘာကျော်သတင်းဌာနများကို ဓာတ်ပုံ၊ ဗီဒီယို၊ သတင်းစာသားများ ရောင်းချသည့်အေဂျင်စီဖြစ်သည်။ နယ်စည်းမခြားသတင်းထောက်များအသင်းမှာမူ အေဂျင်စီသတင်းလွှင့်ဌာနမဟုတ်ဘဲ သတင်းသမားများ သတင်းယူခွင့်နှင့်သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်သည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခု (NGO) သာဖြစ်ပါသည်။
ကမ္ဘာအနှံ့ရှိ ထောင်သွင်းအကျဉ်းကျခံနေရသော သတင်းသမားများ၊ ပြန်ပေးဆွဲခံရသော သတင်းသမားများ လွတ်လပ်ခွင့်ပြန်လည်ရရှိရန် တောင်းဆိုခြင်း၊ သို့တည်းမဟုတ် အဆိုပါသတင်းသမားများအပေါ် ကျန်းမာရေး၊ မိသားစုစားဝတ်နေရေး၊ ပညာရေး စသည့်လိုအပ်သောကဏ္ဍများကို ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
RSF မှပြန်လာတော့ ကျွန်တော်တို့တွင် တွေ့ဆုံရမည့် အစီအစဉ်တွေမရှိတော့သဖြင့် ဂျော့က ရိုဒင် ပြတိုက်ဆီသို့ခေါ်သွားပါသည်။ နာမည်ကျော်ပန်းပု ဆရာရိုဒင်၏ 'တွေးခေါ်သူ' (Thinker) ရုပ်တုကို ကိုယ်တိုင်မြင်ရတော့မည်ဖြစ်သဖြင့် အားလုံးဝမ်းသာနေကြသည်။ ပြတိုက်ဝင်းထဲ ဝင်လိုက်သည်နှင့် လှပစွာပုံဖော်ထားသော အပင်များကြား(Thinker) ရုပ်တုကို ထင်ထင်ရှား ရှားမြင် နေရပါသည်။ ကြေးဖြင့်ထုလုပ်ထားသော် အရုပ်ကြီးသည် မိုးရေထဲတွင်ပါသည့် အက်ဆစ်နှင့် ဓာတ်ပြုထားသောကြောင့်လားမသိ အစိမ်းရောင်ပေါက်နေသည်ဟု ကျွန်တော်ထင်ပါသည်။ ပန်းပုပညာရှင် သြဂတ်စ်ရိုဒင် (Auguste Rodin) သည် Hotel Biron ကို သူ၏အလုပ်ခန်းအဖြစ် ၁၉ဝ၈ ခုနှစ်ကတည်းက အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင် ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ပါမည်ဟူသော သဘောတူညီချက်ဖြင့် အဆောက်အအုံနှင့်တကွ သူ၏လက်ရာများ အားလုံးအပါအဝင် သူစုဆောင်းထား သော ပန်းချီကျော် ဗန်ဂိုး၊ ရေးနွားတို့၏ ပန်းချီကားများကိုပါ ပြင်သစ်အစိုးရသို့လှူဒါန်းခဲ့သည်။ ပြတိုက်ထဲတွင်တော့ မီးစလိုက်များဖြင့် ချိန်ထိုးပြသ ထားသော ကြေးရုပ်နှင့်စကျင်ကျောက်သားရုပ်များ။ ရိုဒင်၏နာမည်ကျော်လက်ရာများဖြစ်သည့် အနမ်း (THE KISS) နှင့် အသူရာ ဘုံတံခါးများ (GATES OF HELL) စသည်တို့ကိုလည်း ကြည့်ရှုခဲ့ရသည်။ အခြားပြတိုက် များလိုပင် စပိန်၊ ဂျာမန်၊ အင်္ဂလိပ်၊ ပေါ်တူဂီ စသည့်ဘာသာများ ဖြင့်ရှင်းပြပေးနေသော နားကြပ်များကိုလည်း ပြတိုက်အဝင်ကတည်းက တောင်းယူနိုင်သည်။ မိမိသိရှိနားလည်လိုသော ပန်းပုရုပ်နံပါတ်ကို နှိပ်လိုက်လျှင် ထိုရုပ်တုသမိုင်းကြောင်းအဓိပ္ပာယ်ကို ရှင်းပြပေးနေသည်။
" ကဲ မြန်မြန်ကြည့်ကြ၊ ဈေးဝယ်ကြဦးမယ်မဟုတ်လား။
ကဲ ဂျော့ရေ၊ ဈေးတော့တို့ဘာသာတို့ပဲသွားလိုက်တော့မယ်။ ခင်ဗျားပြန်ချင်ပြန်တော့နော်။ မနက်ဖြန် သူတို့က နေ့လယ်တစ်နာရီ လေယာဉ်နဲ့ပြန်မှာ။ အဲဒါဘယ်လိုစီစဉ်မလဲ "ဟု ကျွန်တော်က ဂျော့ကိုမေးလိုက်သည်။
" အင်း နေ့လယ်တစ်နာရီဆိုတော့ မနက်ပိုင်းတစ်ခုလုံးအားနေတာပဲ။ ဒီတော့ မနက် ၆ နာရီခွဲလောက် ငါမင်းတို့ဟိုတယ်ကိုလာခေါ်မယ်။ ဗာဆိုင်းနန်းတော်ကို သွားကြည့်ကြတာပေါ့။ သူတို့အိတ်တွေပါ တစ်ခါတည်းကားထဲထည့်ပြီး ဗာဆိုင်းသွားကြမယ်။ ပြီးရင် သူတို့ကို ကားနဲ့ လေဆိပ်ကိုတိုက်ရိုက်ပို့ပြီး ငါနဲ့မင်းကတော့ မင်းဟိုတယ်နဲ့နီးရာမှာ ဆင်းနေခဲ့ကြတာပေါ့ "
ဂျော့ပြန်သွားပြီးနောက် ဈေးဝယ်ရန်ကောင်းသော ဂျော့ပွန်ပီဒူးပြတိုက်ရှိရာသို့ ပါးစပ်ပါရွာရောက် ထုံးမူ၍ ရောက်လာခဲ့ကြသည်။ ပိုက်လုံးကြီးများ ဆက်ထားသလို ဗိသုကာဟန်ပြတိုက်ကြီးရှေ့တွင်တော့ ဇီဒန်းနှင့်မက်ဒရာစီ ၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပွဲတုန်းက ဘောလုံးလုနေကြပုံအရုပ်ကြီးကို တွေ့ရသည်။ ဂျော့ပွန်ပီဒူးပြတိုက်မှာ အဓိကအားဖြင့် မော်ဒန်လက်ရာများပြသထား သည့်ပြတိုက်ကြီးဖြစ်သည်။ ဈေးဝယ်ရန်ရှိသဖြင့် ဝင်မကြည့်ကြတော့သော်လည်း မှန်ပြတင်းမှတစ်ဆင့် ပါဖောင်းမန့်လုပ်ပြထားသော ကား ၂ စီးကို တွေ့နေရသည်။ ကားတွေက ကြေမွတွန့်လိမ် နေသော ကားများ။
ကျွန်တော်က " အဲဒါမင်းသမီးဒိုင်ယာနာကားပေါ့၊ ပြင်သစ်နဲ့ အင်္ဂလန်ဆက်သွယ်ဖောက်ထားတဲ့ ရေအောက်ကားလမ်းမှာတိုက်ခဲ့တာပေါ့ "ကျွန်တော်က နောက်လိုက်တာဖြစ်သော်လည်း မလှလှ ဌေးကမူ-
" ဟင်ဟုတ်လား။ အင်းလေ ဒီလောက်အရှိန် ပြင်းပြင်းနဲ့တိုက်မှတော့သေတာပေါ့ "ဟု စိတ်မကောင်းဟန်ဖြင့်ပြောသည်။
ဈေးမှာ ရန်ကုန်ကညဈေးတန်းတွေနှင့်တော်တော်တူပါသည်။ ဆိုင်ခန်းများ၏ရှေ့လမ်းပေါ်တွင် အဝတ်အစား၊ အထည်စ၊ နာရီ၊ ပန်းချီကား စသည့် ပစ္စည်းတွေနေရာချထားပြီး ဝယ်သူကို ပြင်သစ်ဘာသာဖြင့် ခေါ်နေကြသည်။ မလှလှဌေးက ဖိနပ်တစ်ရန်ဝယ်ချင်သဖြင့် ပြင်သစ်လို အနည်းငယ်တတ်သော ကျွန်တော့်ကို သူနှင့်အတူလိုက်ပေးရန်ခေါ်သည်။ ဆိုင်ထဲရောက်တော့ မလှလှဌေးကြိုက်သည့်ဖိနပ်က ယူရို ၈ဝ ကျော်ကျနေသည်။ ကျွန်တော်ကခပ်တည်တည်ပင် ယူရို ၄ဝ ဆစ်ချလိုက်ရာ နောက်ဆုံး ၄၅ ယူရိုနှင့်ဈေးတည့် သွားသည်။ ဆိုင်မှထွက်ပြီး ခပ်လှမ်းလှမ်းရောက်မှ ကင်မရာမေ့ကျန်ခဲ့ကြောင်းပြောသဖြင့် တစ်ခေါက်ပြန်လှည့်ရသေးသည်။ ဆိုင်ရောက်တော့ ကင်မရာကျန်ခဲ့မှန်းဆိုင်ရှင်ကမသိ။ ဖိနပ်အစမ်းဝတ်သည့်နေရာကျမှ ကင်မရာကို အသင့်ပြန် တွေ့ရသဖြင့်တော်ပါသေးသည်။ ဆိုင်ရှင်တရုတ်မက ကျွန်တော်တို့ကို ပစ္စည်းတွေမမေ့ကျန်ဖို့၊ ခါးပိုက်နှိုက်တွေ လည်းပေါကြောင်း တဖွဖွသတိပေးလိုက်သေးသည်။ ပါရီမှာ ခါးပိုက်နှိုက်တွေမထင်ရ။ ကျောင်းသား၊ ကျောင်းသူလေးတွေလို လူကြီးလူကောင်းတွေလို ဝတ်ကောင်းစားလှ တွေနှင့်ဖြစ်သည်။ ခါးပိုက်နှိုက်ဟုထင်ရသည့် ဘူတာထဲတွင်အိပ်သည့် ခြေသလုံးအိမ်တိုင်သမားများကတော့ အရက်ဖိုးပိုက်ဆံတောင်း ချင်တောင်းမည်။ ဘယ်တော့မှခါးပိုက် နှိုက်မလုပ်။ ကျောပိုးအိတ် ပိုးထားပြီးရထားစီးလျှင် မိမိအနားကောင်မလေးတွေကပ်ပြီး ပြီတီတီလုပ်နေလို့ကတော့ မျောမနေနှင့်။ မျောလို့ကတော့ပါသွားပြီသာမှတ်လိုက်ပေရော့။ ။
(ဆက်ရန်)
ပုံ(၁) ပါရီရှောင်ဇေလီဇေလမ်းမကြီး
ပုံ(၂) ရိုဒင်ပြတိုက်

No comments:

Post a Comment