ပါရီ (သို့မဟုတ်) အလင်းမြို့တော် - ၉
ဗာဆိုင်းနန်းတော်မှာ
ပါရီမြို့ထဲတွင်မရှိပါ။ပါရီ၏အနောက်ဘက် ၁၆ ကီလိုမီတာ (၁ဝ မိုင်ခန့်)
အကွာတွင်ရှိပြီး နာရီဝက်ခန့် ကားမောင်းပြီးနောက် ပြင်သစ်နိုင်ငံ၏
သက်ဦးဆံပိုင်ဘုရင်စနစ်နိဂုံးချုပ်ရာ
ဗာဆိုင်းနန်းတော်ကြီးကိုရောက်ရှိပေပြီ။ဗာဆိုင်းနန်းတော်ကြီးတစ်ခုလုံးကို
ဧည့်သည်များအား ဝင်ရောက်ကြည့်ရှုခွင့်မပေးနိုင်ပါ။လအပိုင်း အခြားအလိုက်
မည်သည့်အပိုင်းကိုဖွင့်ထားပြီး မည်သည့်အပိုင်းကို
ဘယ်တွင်ဖွင့်မည်စသည်ဖြင့်သာ ဖွင့်ပေးထားပါသည်။အစောင့်ချရသည့်
ဝန်ထမ်းအင်အားမနိုင်၍ဖြစ်သည်။အခန်းတိုင်းကို ယခင်ခေတ်က
ဘုရင်မိဖုရားများစံမြန်းခဲ့သည့်အတိုင်း စီမံထားသည်ဟုဆိုပါသည်။
နန်းတော်ဥယျာဉ်ထဲတွင် ဓာတ်ပုံရိုက်နေကြရာမှာ ဗြောက်အိုးသံများ
ကြားသဖြင့်ငေးကြည့်ရာ ယခုရာသီသည်အမဲလိုက်ရာသီဖြစ်သဖြင့်
အမဲလိုက်သူများကပစ်ခတ်နေသည့် သေနတ်သံဖြစ်ကြောင်း
ဂျော့ကရှင်းပြသည်။အမှန်တော့ နာမည်ကျော် ဗာဆိုင်းနန်းတော်ကိုကြည့်ရှုရန်
အချိန်ပေးသင့်ပါသည်။သို့ရာတွင် ကျန်သူများက လေဆိပ်ဆင်းရတော့မည်ဖြစ်သဖြင့်
နန်းတော်သို့ရောက်ဖူးသည်ဆိုရုံမျှသာကြည့်ရှုကြပြီး
ပါရီမြို့တွင်းသို့ပြန်လာခဲ့ကြရာ အောင်ပွဲခံမုခ်ဦးအနီး
ရှောင်ဇေလီဆေလမ်းမကြီးတစ်လျှောက် ကျွန်တော်နှင့်ဂျော့တို့ဆင်းနေခဲ့ကြပါသည်။
ဂျော့ကဟိုတယ်ပြန်လိုက်ပို့ရမလားဟုမေးသေးသော်လည်းမလိုတော့ပါ။ဂျော့၏တာဝန်မှာ
ယခုအချိန်ကစ၍ ပြီးသွားပြီဖြစ်ပါသည်။ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ်
ပြန်တတ်သည့်အတွက် တစ်ယောက်တည်း မြို့လှည့်လည်ကြည့်ရှုရန်
သူနှင့်လမ်းခွဲလိုက်ကြပါသည်။အစီအစဉ်ပြီးပြီးချင်း
ကိုဥာဏ်ဝင်းနှင့်ကိုစစ်လီက သူတို့ဆီဖုန်းလှမ်းဆက်ရန်
ပြောထားသော်လည်းမဆက်သေးပါ။ တစ်ကိုယ်တော်လျှောက်လည်ချင်သေးသဖြင့်
လမ်းဘေးခုံတစ်နေရာတွင်ဝင်ထိုင်လိုက်ပြီး ပါရီမြို့မြေပုံ ကိုလှန်လိုက်သည်။
မနေ့ညက ပါရီမြို့ပေါ်မှာလည်ပတ်ရန် ကောင်းမည့်နေရာတွေကို အင်တာ
နက်မှရှာဖွေရေး မှတ်ထားသည့်စာရွက်ကိုလှန်ကြည့်လိုက်သည်။
ကျွန်တော်ရောက်နေသည့်နေရာက အောင်ပွဲခံမုခ်ဦးအနားဖြစ်သည့်အတွက်
အဦးဆုံးနေရာ ဖြစ်သော ဒေဇမ်ဘာလီ (L"Hotel Des Invalides) ကိုသွားလည်ရန်
ဆုံးဖြတ်လိုက်သည်။ဒေဇမ်ဘာလီကို
မသန်စွမ်းဆေးရုံဟုဘာသာပြန်လျှင်ရပါလိမ့်မည်။ဆေးရုံများဘာကြည့်စရာရှိလို့လဲဟုထင်မိကြပါလိမ့်မည်။ထိုဆေးရုံက
ရိုးရိုးဆေးရုံမဟုတ်ပါ။ စစ်ပွဲများအတွင်း ဒဏ်ရာရစစ်သားများကိုကုသရန်
ဆေးရုံအဖြစ် ၁၈ ရာစုက ပြင်သစ်ဘုရင်လူဝီ ၁၄ က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး
ပြင်သစ်ဧကရာဇ်နပိုလီယံ၏ အုတ်ဂူတည်ရှိရာနေရာလည်းဖြစ်သည်။
ဆေးရုံနှင့်ပြတိုက်ပေါင်းဖွင့်ထားခြင်းဖြစ်သည်။
ဝင်းအပြင်ဘက်ကကြည့်လိုက်ကတည်းကအဆောက်အအုံကြီး၏အမိုးခုံးကြီးကထူးခြားနေသည်။
၁၇ ရာစုအစပိုင်းက ခေတ်စားခဲ့သော ဘာရော့ပုံစံ ( Baroque Style)
အမိုးခုံးကြီး (DOME) ဖြစ်သည်။ အတွင်းမှာတော့ဆေးရုံကလှသည်။ယခုထက်ထိတိုင်
စစ်သားများနာလန်ထဆေးရုံအဖြစ် အသုံးပြုနေဆဲဖြစ်ပါသည်။ဆေးရုံထဲတော့
ဝင်လျှောက်ခွင့်မရပါ။နပိုလီယံ အုတ်ဂူတည်ရှိရာ ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည့်
အဆောက်အအုံဘက်ကတော့ ဝင်လည်၍ရသည်။အဆောက် အအုံထဲဝင်ဝင်ချင်း အလည်တည့်တည့်ရှိ
အဝိုင်းပုံလှေကားလက် ရမ်းကြီးကိုတွေ့
လိုက်ရသည်။လက်ရန်းကငုံ့ကြည့်လိုက်မည်ဆိုလျှင် နပိုလီယံ၏
အုတ်ဂူကြီးကိုတွေ့ရသည်။ အနီးကပ်ကြည့်လျှင် စကျင်ကျောက်လှေကားကြီးအတိုင်း
မြေအောက်ခန်းသို့ဆင်းကြည့်နိုင်သည်။ ဤပြတိုက်မှာ စစ်ချပ်ဝတ်တန်ဆာနှင့်
စစ်လက်နက်များကို ပြသထားသည့် ပြတိုက်လည်းဖြစ်သည်။Gaulloir ဟု ခေါ်သည့်
ပြင်သစ်လူမျိုးတို့၏ မူလအဖွဲ့အစည်းဖြစ်သော ဂေါလခေတ်မှ စစ်ဝတ်စုံ၊
လက်နက်များမှအစ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော
လက်နက်များအထိပြသထားသည်။ ၁၅ ပေခန့်ရှည်မည့်ကြေးအမြောက်ကြီးများပေါ်တွင်
ကနုတ်များထွင်းထုထားသည်မှာလည်း အလွန်လက်ရာ မြောက်လှသည်။ ကျွန်တော်
လျှောက်ကြည့်နေစဉ်တွင် အသက် ၅ နှစ်ခန့်သာရှိသည့်ကလေး ၅ဝ ခန့်ကို ဆရာ၊ ဆရာမ
တစ်အုပ်စုက လိုက်လံ ရှင်းပြနေသည်ကိုမြင်ခဲ့ရသည်။
ဆရာ၊ ဆရာမတွေက
ပါးစပ်ကရှင်းပြရုံသာမက မြေပြင်တွင်အဝတ်ဖြူစများခင်းပြီး ရှေးခေတ်က
စစ်တိုက်ပုံအတိုင်းသရုပ်ပြနေသေးသဖြင့် ကလေးတွေကလည်း ဆရာ၊ ဆရာမတွေဆီက
မျက်လုံးကိုမခွာတော့။အလွန်စိတ်ဝင်စားနေကြသည်။
ပြတိုက်ကထွက်တော့
နေ့လယ်စာစားရန် ကိုဥာဏ်ဝင်းက ဖုန်းဆက်သဖြင့် CONCORDE ဘူတာသို့
ရထားစီးလာခဲ့သည်။ ဘူတာမှာ ကိုဥာဏ်ဝင်းနှင့်ဆုံကာ
မြန်မာထမင်းဟင်းနှင့်တူသည့် ကုလားဆိုင်သွားစားမည်ဆိုသဖြင့်
အတူလမ်းလျှောက်သွားကြသည်။ စန်းမြစ်ဘေးတစ်လျှောက် စာအုပ်အဟောင်း၊
သတင်းစာအဟောင်းဆိုင်များ၊ ပန်းဆိုင်နှင့်ပန်းချီပို့စ်ကတ်များရောင်းချနေသော
ဆိုင်ကလေးများကိုတွေ့ရသည်။တစ်နေရာရောက်တော့ ပန်းချီဆိုင်တစ်ခုကို
ဓာတ်ပုံရိုက်ရန် ကင်မရာချိန်လိုက်တော့ လူမည်း
ဆိုင်ရှင်ကမရိုက်ရန်လာပြောသည်။ကိုဥာဏ်ဝင်းကလည်း မရိုက်နှင့်ဟုပြော
ပိုင်ခွင့်မရှိကြောင်း၊ မရိုက်စေချင်လည်း ဓာတ်ပုံမရိုက်ရဟု စာကပ်ထားရ
မည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။တစ်ယောက်နှင့်တစ်ယောက်
အပြန်အလှန်ပြောနေရာမှ လူမည်းဆိုင်ရှင်သည် ကျွန်တော်တို့အနားရောက်လာပြီး
အသံကျယ်ကျယ် စိတ်ဆိုးမာန်ဆိုးနှင့် ပြောပါသည်။ကိုဥာဏ်ဝင်း ကလည်း
အညံ့မခံပြန်ပြောနေရာ ကျွန်တော့်မှာရန်ဖြစ်မည်ကို
ထိတ်လန့်မိသည်။ဖြတ်သွားဖြတ်လာလူတွေကတော့ ကျွန်တော်တို့ကိုရှိသည်ဟုပင်မထင်။
ပုံမှန်အတိုင်း အေးအေးဆေးဆေးသွားလာနေကြသည်။အတန်ကြာတော့မှ
ဆိုင်ရှင်ကလျှော့သွားပြီး ရိုက်ခွင့်ပေးသဖြင့် ကျွန်တော်က ကိုဥာဏ်ဝင်းကို
ဆွဲခေါ်ထွက်လာရသည်။
" ဒီကောင်တွေကို အဲလိုပြန်မပြောလို့မရဘူးဗျ၊
တစ်ခုခုဆိုမှန်နေရင်ပြန်သာပြောပစ်၊ ဒီကောင်တွေကလည်းနင်းကန်အော်ကြီး
ဟစ်ကျယ်ရန်တွေ့လိမ့်မယ်၊ ဒါပေမယ့် သူတို့ဘယ် တော့မှလက်မပါရဲဘူး။
ကိုယ်ထိလက်ရောက်လုပ်တဲ့သူအရှုံးပဲ။ ကိုယ့်ပခုံးအတွန်းခံရရင် တောင်
နီးစပ်ရာရဲစခန်း သာသွားတိုင်။ ဒီကောင်လျော်လိုက်ရမည့်ငွေတွေ
"ဟုကိုဥာဏ်ဝင်းက လက်ချာပေးသည်။ပြင်သစ်နိုင်ငံ၏
တရားဥပဒေစိုးမိုးရေးကိုပြနေသည့် ပြယုဂ်တစ်ခုအဖြစ် ကျွန်တော်
ခံစားလိုက်ရသည်။
အတော်ကြီးလမ်းလျှောက်လာပြီးနောက် ကိုဥာဏ်ဝင်းက
ဆိုင်တစ်ဆိုင်ခေါ်သွားသည်။မြန်မာနိုင်ငံဖွားအစ္စလာမ်ဘာသာဝင်များပိုင်သည့်
ထမင်းဆိုင်ဖြစ်သဖြင့် မြန်မာ ပါးစပ်နှင့်ခံတွင်း
တွေ့လှပါသည်။ဈေးကလည်းမဆိုးလှပါ။ စမူဆာ၊ ထမင်း၊ ပဲဟင်းရည်၊
ဆိတ်သားဟင်း(ပုံစား)နှင့် လက်ဖက်ရည် တစ်ခွက်ကို ၅ ယူရိုပဲကျသဖြင့်
ဈေးချိုသည်ဟုပင်ဆိုနိုင်ပါသည်။ကျွန်တော် တို့စားနေသည့်ဆိုင်ရှိရာရပ်ကွက်က
ကုလားလူမျိုးတွေနေထိုင်သည့် ရပ်ကွက်ဖြစ်သည်။အထူးသဖြင့်
တမီလ်ကုလားတွေဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံတွင် အစိုးရနှင့်တမီလ်ကုလားတို့
စစ်ဖြစ်ပွားနေစဉ်က ထွက်ပြေး လာသောတမီလ်ကုလားများကို ဒုက္ခသည်များအဖြစ်ဖြင့်
ပြင်သစ်အစိုးရကနိုင်ငံသားပေးခဲ့ခြင်းဖြစ်သည်။
ထမင်းစားပြီးမကြာပါ။
အနံ့လေးတသင်းသင်းနှင့် ကိုမစ်ကီရောက်လာပါသည်။ ကိုဥာဏ်ဝင်းက ကျွန်တော်တို့
ဤဆိုင်တွင်ရှိနေမည်ဟု ဖုန်းဆက်ထားသဖြင့် ရောက်လာခြင်းဖြစ်သည်။ကိုမစ်ကီထံမှ
အနံ့တသင်းသင်းသည်ဆိုးသဖြင့် ဝီစကီသောက်ထားခြင်းမဟုတ်ပါ။
ဝိုင်နီအနံ့ဖြစ်ပါသည်။တစ်နေ့တစ်နေ့ ရေမသောက်၊ ရေဆာလျှင် ဝိုင်နီသာသောက်ဟု
သူကိုယ်တိုင်ပင်ကျွန် တော့်ကိုပြောထားပါသည်။ ကိုဥာဏ်ဝင်းနှင့်
ကိုစန်းမြင့်တို့နှစ်ဦးမှာ ဒုက္ခသည်အဖြစ် လျှောက်ထားဆဲဖြစ်သဖြင့်
အလုပ်မရှိသေးပါ။ကိုမစ်ကီကမူ ပထမအလုပ်ဝင်ပြီးနောက် ထိုအလုပ်မှ ထွက်ကာ
အခြားအလုပ်ရှာနေသူဖြစ်သည်။
" ဒီမှာအလုပ်မရှိလည်း အစိုးရကတစ်လကို
ယူရို ၉ဝဝ (မြန်မာငွေ ၁ဝ သိန်းခန့်) ထောက်ပံ့ကြေးပေးတာ။
ဘာအခွန်မှလည်းပေးစရာမလိုဘူး။ အလုပ်သမားဝန်ကြီး ဌာနကိုစာတင်၊
အစိုးရကထောက်ပံ့ကြေးပေးတယ်။ ဝန်ကြီးဌာနကရရှိနိုင်မယ့်အလုပ်အကိုင်တွေကို
မေးလ်နဲ့တစ် ဆင့်ပို့ပေးတယ်။ မကြိုက်ရင်မလုပ်နဲ့ဦး။ ရတယ်။ အဲခြောက်
လကြာရင်တော့ ဝန်ကြီးဌာနက လူကိုယ်တိုင်ခေါ်တွေ့ပြီး ဘာလို့မလုပ်တာလဲမေးတယ်။
အဓိပ္ပာယ်ရှိအောင်၊ အကျိုးအကြောင်း နဲ့တော့ဖြေပေါ့ဗျာ။ အဲဒါဆို နောက်ခြောက်လ
ထောက်ပံ့ကြေးပေးတယ်။ ကျွန်တော်ဆိုအဲလိုနေလာတာ ၂ နှစ်ရှိနေပြီ "ဟု
ကိုမစ်ကီကရယ်ပြီးပြောသည်။
" ထမင်းစားပြီးပြီဆိုတော့
ခင်ဗျားကျွန်တော့်အိမ်လိုက်ခဲ့ပါလား၊ ဟိုမှာဘီယာသောက်ရင်း
စကားလေးဘာလေးပြောတာပေါ့ဗျာ၊ နောက်နေ့ ခင်ဗျားသွားချင်တဲ့နေရာတွေ
ကျွန်တော်လိုက် ပို့ပေးပါ့မယ် "ဟု ကိုမစ်ကီ ကဆိုလာပါသည်။ဟုတ်ပါသည်။
ကျွန်တော်လည်း သူတို့နှင့်စကားအေးအေး ဆေးဆေးမပြောရသေးပါ။
ဒီကမြန်မာအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အကြောင်းသိချင် သေးသဖြင့်
လိုက်သွားပါသည်။
(ဆက်ရန်)
ပုံ (၁) L'Hotel des invalides
ပုံ (၂) L'Hotel des invalides အမိုးခုံးက နံရံဆေးရေးပန်းချီ
No comments:
Post a Comment